ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ စက်တင်ဘာ ၁၈ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ဘီလူး ချောင်းရေမြင့်တက်မှုကြောင့် မြို့ပေါ်ရပ်ကွက်အများစုတွင် ရေနစ်မြုပ်မှုဖြစ်ပွါးနေပြီး ကရင်နီဒေသတွင် စက်တင်ဘာ ၁၀ ရက်နေ့မှ စတင်သည့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံသုံးသောင်းဝန်းကျင် ရေဘေးဒုက္ခကြုံ နေရကြောင်း သိရသည်။

အင်းလေးကန် နှင့် ဖယ်ခုံအင်းမှ စီးဆင်းလာသည့်ရေများအပြင် မိုးရွာသွန်းမှုများကြောင့် ဘီးလူးချောင်းရေ ဆက်လက်မြင့်တက်လာသည့်အတွက် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် နမ့်ကွတ်၊ မင်းစု၊ ဒေါနုးကူ၊ ရှမ်းပိုင်း၊ ရွှေတောင် စသည့်ရပ်ကွက်များအပြင် ဘုရားဖြူ၊ ဘုရားနီ စသည့်ကျေးရွာ များတွင်လည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

“လောလောဆယ်တော့ ဒီရေကြီးတဲ့နေရာတော်တော်များများမှာ စစ်ကောင်စီပဲရှိနေတာများတယ်ပေါ့နော်။ စစ်ကောင်စီကရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ သေသေချာချာတော့သိထားတာမရှိဘူး။ဘီလူးချောင်းရေကြီးတာနဲ့အတူ လွိုင်ကော်မြို့ပါတပါတည်းရေကြီးလာတယ်လို့သိရတယ်။ လက်ရှိမှာတော့ ရပ်ကွက်တော်တော်များများ အဓိက ဘီလူးချောင်းဘေးတလျှောက်ရယ် ဘီလူးချောင်းကဆင့်သွားတဲ့ ချောင်းငယ် မြောင်းငယ်ကမှ ရေရောက်နိုင်တဲ့ရပ်ကွက်တော်တော်များများကတော့ရေတော်တော်လေးကြီးတယ်လို့သိရတယ်။ ဥပမာ လွိုင်ကော်မြို့လယ်က ရှမ်းပိုင်းတို့ဘာတို့ ဆို တော်တော်များများ ရေကြီးနေတယ် ရေမြုပ်နေတယ်” ဟု ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်နီပြည်နယ်တွင် ယခုရသတ္တပါတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သည့်အတွက် ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ရှားတော စသည့်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့သည့်အတွက် စစ်ရှောင်များအပါအဝင် ရေဘေးသင့် ဒေသခံသုံးသောင်း ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

ရေဘေးသင့် ဒေသခံများလာသည်နှင့်အမျှ အရေးပေါ်စားနပ်ရိက္ခာများအပြင် အခြေခံလိုအပ်ချက်များဖြစ်သည့် သောက်ရေသန့်၊ ဆေးဝါးများ၊အမိုးအကာများ လိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ် ရေး ကောင်စီ(IEC) ထံကသိရသည်။

“ပြည်သူတွေက အခြေခံမသိလိုက်ရပဲ ရေမြင့်တက်လာတဲ့အတွက် ကျေးရွာ‌ရေနစ်မြုပ်တဲ့ဒေသတွေဆိုရင်အဝတ်စားတွေကအစ လိုအပ်ချက်တွေရှိနေတယ်။ အခုကလည်းတောက်လျှောက် ရေကြီး မိုးကြီးဖြစ်တာဖြစ်တဲ့အတွက် ဒေသတစ်ခုနဲ့တစ်ခုကူးလူးဆက်ဆံသွားလာနေရတဲ့အတွက် ဖျားနာနေကြတဲ့အတွက် ဆေးဝါးတွေလိုအပ်ချက်တွေရှိတယ် ။ ဥပမာ ဒီးမောဆိုအရှေ့ခြမ်း ပွန်းချောင်းတလျှောက်မှာရှိတဲ့ စစ်ရှောင်တွေဆိုလို့ရှိရင် စခန်းတခုနဲ့တခု ဆက်သွယ် ကူးလူးဆက်ဆံနိုင်ဖို့ဆို မော်တော်စက်လှေ‌တွေ လိုအပ်ချက်ရှိတယ်။ နေရာချထားရေးအသစ်အတွက် အမိုးအကာလိုအပ်ချက်ရှိနေတာပေါ့” ဟု IEC လူသားချင်းစာနာထေထာက်ထား‌ရေးဌာနမှ ပြန်ကြား ရေးတာဝန်ရှိ သူတစ်ဦးက ပြောသည်။

ယခုအခါ ဘီလူး ချောင်းရေမှာဆက်လက် မြင့်တက်လာသော်လည်း ပွန်း‌ချောင်းမှာ ပြန်လည်ရေကျနေပြီး ယာယီရွှေ့ပြောင်း နေရသည့် ရေဘေးသင့်ဒသခံများအတွက် လိုအပ်သည့် အရေးပေါ်အကူအညီများ ပေးအပ်ကြရန်လည်း IEC က ထုတ်ပြန်ထားသည်။

လက်ရှိတွင် တောင်တရုတ်ပင်လယ်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်းတိုင်းငယ်အရှိန် ကြောင့် မြန်မာနိုင်ငံတွင် လာမည့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း လေပွေလှိုင်းများ ရောက်လာနိုင်ပြီး ကရင်နီ၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကရင်၊ မွန် စသည့် ဒေသများတွင် မိုးကြီးခြငိး၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင် ကြောင်းလည်း မိုးလေဝသခန့်မှန်းချက်များ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ယက်
#လွိုင်ကော် #ကရင်နီ #ရေကြီး #ရေလျှံ #ရေဘေးသင့် #Ayeyarwaddy_Times