
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ရက်
စစ်ကိုင်တိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့၊ မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသူ ၁၀၀၀ ကျော်အနက် ၄၀၀ ခန့်မှာ ယမန်နေ့ စက်တင်ဘာ ၁၇ရက်နေ့က လွတ်မြောက်လာပြီး ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်လာသည့်အထဲမှ အမျိုးသမီးနှင့် သက်ကြီးပိုင်းအချို့မှာ တိုက်ပွဲအတွင်း တစ်လကျော်ကြာ စစ်ကောင်စီလက်ထဲတွင် နေခဲ့ရသည့်အတွက် စိတ်ကျန်းမာရေး အားနည်းနေကြသူများ ရှိကြောင်း သိရသည်။
“လူ ၄၀၀ လောက်ပြန်လွတ်လာတယ်။ ထွက်ပြေးလာကြတာလို့ပြောတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြတယ်။ သူတို့ အပြင်ထွက်ရင် KIA က ဖမ်းခေါ်သွားမယ်ဆိုပြီး စစ်တပ်က ခြိမ်းခြောက်ထားတယ်လို့လည်း ပြန်ကြားရတယ်” ဟု အစောပိုင်းကတည်းက အင်းတော်မြို့မှ စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ဘုန်းကြီးကျောင်းအတွင်း ဓားစာခံအဖြစ်ထားရှိထားသူများကို မြို့အတွင်းရှိ နေအိမ်များကို မီးရှို့ရာတွင် ပါဝင်လုပ်ဆောင်ရန်ခိုင်းစေခြင်း၊ အိမ်ဖောက်ထွင်းခိုင်းခြင်းနှင့် စားနပ်ရိက္ခာများ ခိုးယူရန် ခိုင်းစေခြင်းတို့အပြင် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်အတွက် လွတ်မြောက်လာသူများမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသူများသည် စစ်ကောင်စီ အလစ်အငိုက်တွင် ထွက်ပြေးကြ၍ လွတ်မြောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ် သံဃနာယက ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်နေ့တွင် ဘုန်းကြီးကျောင်းအတွင်း ပိတ်မိပြီး ဖမ်းဆီးခံထားရသူများကို ပြန်လည်လွှတ်ပေးပြီး သွားလိုရာသို့ တိမ်းရှောင်ခွင့်ပြုရန် စစ်ကောင်စီကို မေတ္တာရပ်ခံထားသည်။
ယခုကဲ့သို့ ဒေသခံစစ်ရှောင်များကိုဖမ်းဆီးထားမှုနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီမှ လူသားမဆန်စွာ၊ စာနာမှုကင်းမဲ့စွာဖြင့် ၎င်းတို့အကျိုးအတွက် လူသားဒိုင်းအဖြစ် တားဆီးပိတ်ပင်ခြင်း ခံထားရသော ရဟန်းရှင်လူ မိဘပြည်သူများအနေဖြင့် အဆိုပါအရပ်မှ စွန့်ခွာ၍ ဘေးကင်းလုံခြုံရာ အရပ်သို့ ထွက်ခွာကြရန် အသိပေး အကြောင်းကြားထားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် တရားသောခုခံစစ်ကို ဆင်နွှဲနေခြင်းဖြစ်သည့်အားလျော်စွာ ထွက်ခွာလာသော မိဘပြည်သူများ၏ အသက်အန္တရာယ် ကျရောက်စေရန် မည်သို့မျှ ဆောင်ရွက်မည်မဟုတ်ပါကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့တိုက်ပွဲစတင်ချိန်မှစ၍ ယနေ့အထိ အင်းတော်မြို့မဘုန်းကြီးကျောင်းအတွင်း တစ်လကျော် ပိတ်မိနေသူများမှာ စားသောက်ရေးအထူးခက်ခဲနေကြကြောင်း သိရသည်။
ထို့အပြင် ဆေးဝါးကုသရန်လိုအပ်သူများလည်းရှိနေပြီး ဆေးကုသမှုမရရှိသည့်အတွက် ဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေစဥ်အတွင်း လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #ကသာ #အင်းတော် #မြို့မဘုန်းကြီးကျောင်း #ပိတ်မိဒေသခံ၄၀၀ #လွတ်မြောက် #Ayeyarwaddy_Times