ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုးများပြီး ရခိုင်ရိုးမမှ တောင်ကျချောင်းရေထိုးဆင်းလာ၍ အိမ်ခြေ ၂၀၀ကျော် ရေထဲမျောပါပြီး အိမ်ခြေ ၆၀၀ နီးပါး ရေနစ်မြုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်နေ့က ရခိုင်ရိုးမအနီးရှိ ဖုံသာချောင်း ရေကြီးပြီး ချောင်းကမ်းနား တစ်လျှောက်ရှိ ကျေးရွာ ၁၃ရွာမှ နေအိမ် ၂၀၀ကျော်ရေထဲမျောပါသွားသည့်အတွက် လူသေဆုံးမှုများ ပါရှိနေကြောင်း သိရသည်။

ထို့အပြင် လေးမြို့မြစ်ရေနှင့် လက်ပံကိုင်းချောင်း ရေမြင့်တက်လာမှုကြောင့် လက်ပံကိုင်းချောင်းအနီး ကျေးရွာလေးရွာမှ အိမ်ခြေ ၆၀၀ ကျော် ရေနစ်မြုပ်ကာ လူဦးရေ ၁၀၀၀ ကျော် ရေဘေးသင့်နေကြောင်း သိရသည်။

“ဖုံသာချောင်းရေ ထိုးဆင်းလာပြီး ချောင်းဘေးနား ရွာတွေက အိမ်တွေကို ဆွဲချသွားတာ လူတွေလည်း ပါသွားလောက်တယ်။ အဆက်အသွယ်တွေလည်းမရဘူး။ ကူညီကယ်ဆယ်ရေးလည်း မရှိပါဘူး” ဟု မင်းပြားဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းပြားမြို့နယ်အတွင်းရှိ နတ်ထောက်ရွာဟောင်း မှ အိမ်ခြေ ၅၃ အိမ် ၊ ကျေးမကျေးရွာမှ အိမ်ခြေ ၃၂ အိမ်၊ ကိုင်းကြီးရွာမှ အိမ်ခြေ လေးအိမ်၊ ပြင်းဝ ကျေးရွာမှ အိမ်ခြေ ၂၈အိမ် ၊ ဇိုင်ချောင်းမှ အိမ်ခြေ ကိုး အိမ် ၊ သရက်အုပ်မှ အိမ်ခြေ ၁၇အိမ် ၊ အထက်ခချီးမြောင်မှ အိမ်ခြေ ၁၂အိမ် နှင့် အောက်ခချီးမြောင်မှ အိမ်ခြေ ၁၆အိမ်တို့ ရေစီးနှင့်အတူ မျောပါ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် မင်းပြားမြို့နယ်အတွင်းရှိ လက်ပံကိုင်းချောင်းရေ မြင့်တက်မှုကြောင့် လက်ပံကိုင်း၊ နတ်ကံပြင်၊ တရဂူရွာသစ်၊ တရဂူရွာဟောင်း စသည့် ချင်းရွာ လေးရွာတွင်လည်း အိမ်ခြေ ၆၀၀ခန့် ရေအောက်နစ်မြုပ်နေကြောင်း သိရသည်။

ရေနစ်မြုပ်နေသည့် မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်း ၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများလည်း ရောက်ရှိခြင်း မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်မှ ၁၅ရက်နေ့အထိ မိုးများပြီး ချောင်းရေများ မြင့်တက်ကာ ယခုကဲ့သို့ အိမ်ခြေရာနှင့်ချီရေနစ်မြုပ်ပြီး ယနေ့အထိ ရေများ ဆက်လက်မြင့်တက်နေပြီး ကူညီကယ်ဆယ်မည့် သူမရှိကြောင်း သိရသည်။

ထို့အပြင် တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသည့်လေပွေလှိုင်းအရှိန်ကြောင့် လာမည့် စက်တင်ဘာ ၂၁ရက်မှ ၂၅ရက်အတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းအချို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ သတိပေးချက်တွင် ရခိုင်ပြည်နယ်လည်းပါဝင်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားလာသည့် ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့မှစကာ စစ်ကောင်စီက ရခိုင်ပြည်နယ် အဝင်အထွက်ကို ပိတ်ဆို့လိုက်ပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပါ ဖြတ်တောက်ထားသည့်အတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အလွယ်တကူမလုပ်နိုင်ကြောင်း သိရသည်။

ပုံစာ- မင်းပြား လက်ပံကိုင်းရွာ ရေနစ်မြုပ်နေစဥ်

#ရခိုင် #မင်းပြား #ရေကြီး #အိမ်ခြေ၂၀၀ #ရေမျောပါ #အိမ်ခြေ၆၀၀ #ရေနစ်မြုပ် #Ayeyarwaddy_Times