အယိုက်လင်း/ ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ စစ်ရေးအရ အရေးပါ၍ စစ်ကောင်စီ နေရာယူတပ်စွဲထားသည့် လိုင်ဗီလာတည်းခိုခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်ရရှိထားကြောင်း ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်ထံက သိရှိရသည်။

ထန်တလန်မြို့၊ လုံတီာလ်ရပ်ကွက်ရှိ လိုင်ဗီလာ တည်းခိုခန်းသည် အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ဆောက်ထားသည့်အတွက် စစ်ရေးဗျူဟာအရ အရေးပါပြီး စစ်ကောင်စီတပ်ဖွဲ့က အခိုင်မာခြေကုပ် ယူတပ်စွဲထားခြင်းဖြစ်သည်။

အဆိုပါ လိုင်ဗီလာ တည်းခိုခန်းကို မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်၍ မရသည့်အတွက် ဒရုန်းများကို အသုံးပြုပြီး အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ရာ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။

“လိုင်ဗီလာ တည်းခိုခန်းက ထန်တလန်မြို့မှာ ဒုတိယ အမြင့်ဆုံးတောင်ထိပ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ဘေးပတ်လည် ကောင်းမွန်စွာမြင်တွေ့ရပြီး ပစ်ကွင်းရှင်းတယ်။ အဲ့ဒီတော့ မြေပြင်က ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်တဲ့အတွက် ဒရုန်းနဲ့ ကြိမ်ပေါင်းများစွာ တိုက်ခိုက်တယ်။ မနေ့က ဒရုန်းနဲ့တိုက်ခိုက်ပြီး မြေပြင်ကလည်း ထိုးစစ်ဆင်ပြီး သိမ်းပိုက်ရရှိထားတာဖြစ်တယ်” ဟု ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါစခန်းအား သိမ်းရာတွင်သေနတ် ငါးလက်၊ ကျည်ဆန်အချို့နှင့် ခဲယမ်းတချို့၊ မီးစက်၊ Jammar နှင့် တခြား စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရရှိပြီး လိုင်ဗီလာ တည်းခိုခန်းကိုလည်း ချင်းပြည်ကောင်စီပူးပေါင်းအဖွဲ့တို့က ထိန်းချုပ်ထားသည်။

လိုင်ဗီလာ တည်းခိုခန်းသည် ထန်တလန်မြို့ရှိ စစ်ကောင်စီ၏ ဒုတိယအကြီးဆုံး တပ်စခန်းဖြစ်ပြီး အကြီးဆုံးတပ်စခန်းဖြစ်သည့် ၂၆၉ စခန်းကုန်းကိုလည်း ပြီးခဲ့သည့် သြဂုတ်လ ၅ရက်နေ့က ချင်းပြည်ကောင်စီပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ရရှိထားသည်။

ယခု လက်ရှိ ထန်တလန်မြို့တွင် စစ်ကောင်စီနေရာယူ တပ်စွဲထားသည့် NLD ရုံး၊ မြို့မ ရဲစခန်း နှင့် CB ဘဏ် စသည့် သုံးနေရာတွင် အင်အား ၁၀၀ ခန့် ရှိသေးကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း လိုင်ဗီလာ တည်းခိုခန်းတွင် နေရာယူတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသည် သေနတ် လေးလက်နှင့်အတူ ချင်းပြည်ကောင်စီထံ အလင်းဝင်ရောက်လာခဲ့သည်။

#ထန်တလန်မြို့ #စစ်ကောင်စီ #လိုင်ဗီလာ #တည်းခိုခန်း #သိမ်းပိုက်ရရှိ #Ayeyarwaddy_Times