ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီက ခံစစ်အတွက်ပြင်ဆင် တပ်စွဲထားရာ နေရာများအနီးနှင့် ကျေးရွာများမှ ဒေသခံများကို တစ်ယောက်မကျန် မောင်းထုတ်နေကြောင်း သိရသည်။

စစ်တွေမြို့ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက်ရှိ ဒေသခံများကို ပြီးခဲ့သည့် စက်တင်ဘာ ၁၄ရက်နေ့ကစတင်၍ ကျေးရွာအတွင်းမှ ၂ ရက်အတွင်း ထွက်သွားကြရန် စစ်ကောင်စီက ပြောဆို ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် သံတွဲရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သည့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်းမှစတင်၍ စစ်တွေမြို့တွင် လုံခြုံရေးဂိတ်များ တိုးချဲ့ထားကာ ကျေးရွာများအတွင်း တပ်စွဲရန်အတွက် ဒေသခံများကို နှင်ထုတ်နေခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တွေက ပိတ်ဆို့ခံထားရတဲ့အနေအထား စစ်တွေ ဒကစ ကို လက်နက်ချဖို့ ဖေဖော်ဝါရီထဲက တပ်တော်က ကြေညာထားတာ။ စစ်တွေဘေးပတ်ပတ်လည် ကျေးရွာတွေကို အကုန်ဖယ်ခိုင်းပြီး ကာကင်းစခန်းလုပ်မယ်ပြောတယ်။ အခုလည်း ဆတ်ရိုးကျတံတားထိပ်ကနေ အမှတ်(၁၂) တပ်ရင်း ကြားက ရပ်ကွက်တွေကို ဖယ်ခိုင်းတာ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ကလည်း စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို စစ်တွေမြို့အတွင်း အတင်းအဓမ္မ ပြောင်းရွှေ့ရန်စေခိုင်းခဲ့ပြီး ကျေးတောရပ်ကွက်မှ ဒေသခံများကို စက်တင်ဘာ ၈ရက်နေ့က ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ဇွန်လအတွင်းကပြောင်းရွှေ့ခိုင်းခဲ့သည့် ကျေးရွာများအနက် ပလ္လင်ပြင်ရွာတွင် တပ်စွဲထားပြီး အောင်ဒိုင်ကျေးရွာ ငါးမွေးမြူရေးရုံး၊ ကျက်တောပြင်ရွာထိပ်ကားလမ်း၊ ရေချမ်းပြင် ရဲစခန်းဟောင်း၊ ဖောင်တော်အနီးနားနှင့် အုန်းရေပြင်ရွာ အဆောက်အဦးအမြင့်ပိုင်းများတွင် တပ်စွဲနေရာယူထားကြောင်း သိရသည်။

ယခု ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောရပ်ကွက်မှာလည်း စစ်ကောင်စီတပ်စခန်း နှစ်ခုထက်မနည်း အခြေချထားသည့် ဆတ်ရိုးကျတံတားထိပ်နှင့် အမှတ် (၁၂) တပ်ရင်း လမ်းတလျှောက်တွင် ရှိသောကြောင့် တပ်စခန်းများထပ်မံချရန်အတွက် ဒေသခံများကို ပြောင်းရွှေ့ခိုင်းထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

လတ်တလောတွင် ရုတ်တရက်ပြောင်းရွှေ့ပေးလိုက်ရသည့် ဒေသခံများမှာ စစ်တွေမြို့ ကျူးကျော် ရပ်ကွက် အချို့နှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုကပ်နေထိုင်နေရကြောင်း သိရသည်။

#ရခိုင် #စစ်တွေ #စစ်ကောင်စီ #ခံစစ်ပြင် #ဒေသခံများ #ကျေးရွာအတွင်း #မောင်းထုတ် #Ayeyarwaddy_Times