ဖမ်းဆီးထား
ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၇ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း အင်းတော်မြို့မဘုန်းကြီးကျောင်းတွင် ပိတ်မိနေသည့် ဒေသခံ ၁၀၀၀ ကျော်ကို လွှတ်ပေးရန် စစ်ကောင်စီထံ အင်းတော်မြို့နယ် သံဃနာယက အဖွဲ့က မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

အင်းတော်မြို့စစ်ရှောင်ပြည်သူများမှာ နေရပ်သို့ပြန်လိုခြင်းနှင့် စစ်ပွဲလွတ်ရာသို့ထွက်ခွာလိုကြောင်း လျောက်ထားသည့် အတွက် မြို့နယ်သံဃနာယကအဖွဲ့က သက်ဆိုင်ရာအနေဖြင့် ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အင်းတော်မြို့မဘုန်းကြီးကျောင်းအတွင်း ဒေသခံ ၁၀၀၀ကျော်မှာ ပြီးခဲ့သည့် ဩဂုတ် ၁၆ရက် တိုက်ပွဲစတင်ကတည်းက ပိတ်မိနေပြီး စစ်ကောင်စီက ထွက်ခွာခွင့်မပြုကြောင်း သိရသည်။
ယခုစာထုတ်ပြန်ပြီး နောက်ပိုင်းတွင်လည်း စစ်ကောင်စီက ဒေသခံများကို ဆက်လက်ဖမ်းဆီးထားပြီး အင်းတော်မြို့အတွင်း နေအိမ်များကို မီးလိုက်လံရှို့ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ကောင်စီက လူသားမဆန်စွာ၊ စာနာမှုကင်းမဲ့စွာဖြင့် ၎င်းတို့အကျိုးအတွက် လူသားဒိုင်းအဖြစ် တားဆီးပိတ်ပင်ခြင်း ခံထားရသော ရဟန်းရှင်လူ မိဘပြည်သူ များအနေဖြင့် အဆိုပါအရပ်မှ စွန့်ခွာ၍ ဘေးကင်းလုံခြုံရာ အရပ်သို့ ထွက်ခွာကြရန် အသိပေးအကြောင်းကြားထားသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် တရားသောခုခံစစ်ကို ဆင်နွှဲနေခြင်းဖြစ်သည့် အားလျော် စွာ ထိုသို့ ထွက်ခွာလာသော မိဘပြည်သူများ၏ အသက်အန္တရာယ် ကျရောက်‌စေရန် မည်သို့ မျှ ဆောင်ရွက်မည်မဟုတ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။

“ဘုန်းကြီးကျောင်းထဲမှာ ပြည်သူတွေရော၊ ဘုန်းကြီးတွေနဲ့ ကိုရင်လေးတွေရော ပိတ်မိနေတာ အခုဆို တစ်လကျော်ပြီပေါ့။ ဘုန်းကြီးကျောင်းနားက အိမ်တွေမီးထွက်ရှို့ရင်လည်း ဒေသခံ‌လေးငါးယောက် လောက်ကို အကာအကွယ်လုပ်တဲ့သဘော ခေါ်ထုတ်သွားတယ်။ ရိက္ခာသယ်ဖို့ အိမ်ဖောက်ခိုင်းတာ တွေလည်း ရှိတယ်လို့ ကြားထားပါတယ်” ဟု အင်းတော်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်နေ့က အင်းတော်မြို့မဈေးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဝင်ရောက်မီးရှို့မှုများ ပြုလုပ်ခဲ့သည့်အတွက် အင်းတော်မြို့မဈေးမှာ ပြာပုံအတိ ဖြစ်ခဲ့ရသည်။

အင်းတော်မြို့အတွင်း နေရာ သုံးခုထက်မနည်းတွင်တပ်စွဲထားသော စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှစ၍ အင်းတော်မြို့ ရေနားတန်းရပ်ကွက်နှင့် မြို့မဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ဩဂုတ် ၂၄ရက်က အင်းတော်မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး အကျဉ်းသားများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။

ထို့အပြင် ဩဂုတ် ၂၂ရက်နေ့တွင် ရွှေဘို- မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့ လမ်းဆုံ ၊နဘား မြို့နယ်ခွဲရှိ နဘားလမ်းဆုံမှ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက အင်းတော်လျောင်းတော်မူဘုရားကုန်း၊ ဂျပန်လှိုဏ်ဂူတောင်ကုန်း၊ အင်းတော်ဗျူဟာကုန်းနှင့် နန့်ခင်တောင်ကုန်း၊ အင်းတော်မြို့မဘုန်းကြီး‌ေကျာင်းတို့တွင် နေရာယူ တပ်စွဲထားကြောင်းသိရသည်။

#စစ်ကိုင်း #ကသာ #အင်းတော် #ဒေသခံများပိတ်မိ #မြို့နယ်သံဃနာယက #လွှတ်ပေးရန် #မေတ္တာရပ်ခံ #Ayeyarwaddy_Times