အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁၇ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်သုံးဦးသည် လက်နက်ခဲယမ်း များနှင့်အတူ ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့က ချင်းလဲန်းကောင်စီ(CC)တပ်ဖွဲ့ထံ အလင်းဝင် ရောက်လာခဲ့ကြောင့် ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရသည်။

အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးသည် ထန်တလန်မြို့၊ လုံတီလ်ရပ်ကွက်ရှိ လိုင်ဗီလာ တည်ခိုးခန်းတွင် တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

“မနေ့က ရဲသုံးယောက် အလင်းဝင်ကြပါတယ်။ သူတို့မှာ သေနတ် လေးလက်ပါတယ်။ တခြား ကျည်ဆန်တွေ၊ ကျည်ပေါက်တွေလည်းပါတယ်။ ရာထူးနဲ့ အခြားအချက်အလက်တွေက မမေးရ သေးတော့ မသိရသေးဘူး။”ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလင်းဝင်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်သုံးသည် အော်တို ရိုင်ဖယ်သေနတ် လေးလက်၊ ကျည်ဆန် တစ်ထောင်ကျော်၊ ကျည်အိမ် ၁၅ ခု၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ကာ အကျီ တစ်ခု၊ ကျည်ကာဦးထုတ် နှစ်ခုတို့နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ နှင့် သြဂုတ်လက ဖြစ်ပွားသည့် တိုက်ပွဲများ အတွင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခဲ့ပြီး ၎င်းတို့ကို ဆုကြေးငွေးအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ချီးမြင့်ပေးအပ်ခဲ့ကြောင့် သိရှိရသည်။

လက်ရှိ ထန်တလန်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာသုံးခုရှိပြီး ၎င်းနေရာများကို သိမ်းပိုက် နိုင်ရေးအတွက် ချင်းလဲန်းကောင်စီ(CC) ပူးပေါင်းအဖွဲ့များက ပိတ်ဆို့ကာ ဒရုန်းဖြင့် တိုက်ခိုက်သော ကြောင့် ယခုစက်တင်ဘာလ ပထမအပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးနှင့်ထက် သေဆုံးခဲ့ကြောင့် သိရသည်။

“အခု စကစတွေ နေတဲ့နေရာက တောင်ကုန်းအမြင့်ပေါ်မှာ နေရာယူထားတဲ့အတွက် ကျွန်တော်တို့ မြေပြင်ချည်းကပ်တိုက်ခိုက်ရင် ရဲဘော်တွေ အထိခိုက်အကျဆုံးများမယ်။ အဲ့အတွက် ကျွန်တော်တို့ ဒရုန်းနဲ့ဘဲ တိုက်ခိုက်ပါတယ်။ ဒီလပ ထမအပတ်ထဲမှာ စကစ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၀ ယောက် ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရတယ်။ ဟားခါးကနေ စစ်ကောင်စီက ပစ်ကူပေးနေတာတွေ ရှိတယ်။”ဟု CNA ပြောခွင့် ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထန်တလန်မြို့ တိုက်ပွဲကို ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှစ၍ Tilim Operation – 4 စစ်ဆင်ရေးအဖြစ် စတင်ဖော်ဆောင်ခဲ့ပြီးနောက် ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ကုန်းစခန်းအပါအဝင် ဟားခါးနှင့် ထန်တလန်ကြားရှိ စစ်ကောင်စီစခန်း ရှစ် ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ပုံစာ-အလင်းဝင်ရောက်လာသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး

#ထန်တလန် #ရဲတပ်ဖွဲ့ဝင်၃ဦး #လက်နက်ခဲယမ်းများ #ချင်းလဲန်းကောင်စီတပ်ဖွဲ့ #အလင်းဝင်ရောက် #Ayeyarwaddy_Times