ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီက လိုင်စင်မရှိသည့် ဆိုင်ကယ်များကို တိုင်းစီမံချက်ဟုဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ စီမံချက်ကို ယခု စက်တင်ဘာလ ပထမပတ်အတွင်းက စတင်ပြုလုပ်နေပြီး တိုင်းညွှန်ကြားချက်ကြောင့် စီမံချက်ဖြင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူထံက သိရသည်။

“အခုရက်ထဲမှာ စီမံချက်ဆိုပြီး ဆိုင်ကယ်တွေ တောက်လျှောက်ဖမ်းနေတာ၊ ဆိုင်ကယ်ကောင်းရင် ပိုဖမ်းတယ်။ လိုင်စင်မရှိတဲ့ ဘီးတွေလည်းဖမ်းတယ်။ ဆိုင်ကယ်စီးသွားလို့ လိုင်စင်ရှိလည်း လိုင်စင် အပြည့်စုံမပါရင် ဖမ်းတယ်။ မိရင် ဆိုင်ကယ်သိမ်းတဲ့အပြင် လူလည်း ထောင်ချတယ်” ဟု ဓနုဖြူရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ရေကြည်မြို့နယ်တွင်လည်း ဆိုင်ကယ်များဖမ်းဆီးရာတွင် လိုင်စင်မရှိသည့် ဆိုင်ကယ် တစ်စီးလျှင် သုံးသိန်းကျပ်ပေးရန် တောင်းယူပြီး လိုင်စင်ရှိသည့်ဆိုင်ကယ်များ၊ ဆိုင်ကယ်နှင့် လိုင်စင်အပြည့်အစုံ ပူးတွဲမပါရှိလျှင် ငါးသောင်းကျပ် တောင်ယူကာ ဆိုင်ကယ် အသစ်နီးပါးများကို သိမ်းယူကြောင်း ရေကြည်မြို့ခံများက ဆိုသည်။

ယခု စက်တင်ဘာလအတွင်း ဧရာ၀တီတိုင်းရှိ အင်္ဂပူမြို့၊ ကွင်းကောက်၊ ရေကြည်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ လပွတ္တာမြို့နယ်၊ ငပုတောမြို့နယ်၊ ဟင်္သာတမြို့၊ အထောင်၊ ရှားခဲ စသည့်မြို့များတွင် ဆိုင်ကယ်များ အများဆုံး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

“ဟင်္သာတ၊ အထောင် ရှားခဲဘက်ဆိုလည်း မြို့စျေးကို မတက်ရဲဘူး။ ဖမ်းတာမှနေ့တိုင်းပဲ၊ ဘယ်မှ မထွက်ရဲလောက်တဲ့ အခြေ အနေဖြစ်နေပြီ” ဟု အထောင်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဓနုဖြူနယ်တွင် ဖမ်းဆီးခံရသည့် ဆိုင်ကယ်အများအပြားကို စက်တင်ဘာလ ၁၆ ရက်နေ့က ရုံးထုတ်ပြီး ထောင်ဒဏ် ၁၄ ရက်ချမှတ်မည်ဟု စစ်ကောင်စီကပြောဆိုကြောင်း ဒေသခံများထံက သိရသည်။

ဓာတ်ပုံ-ဆိုင်ကယ်လိုင်စင်များကို စစ်ကောင်စီစစ်ဆေးနေစဥ်(ပုံဟောင်း)

#တိုင်းစီမံချက် #လိုင်စင်မရှိသည့်ဆိုင်ကယ်များ #ဖမ်းဆီး #ငွေအဆမတန်တောင်းယူ #စစ်ကောင်စီပြုလုပ် #Ayeyarwaddy_Times