ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် မြို့နယ်စစ်ကောင်စီက ပြည်သူ့လုံခြုံရေးသင်တန်း ရက်တိုဖွင့်လှစ်ရန်အတွက်ဟု ဆိုကာ ဒေသခံဆန်ကုန်သည်များထံမှ ငွေကျပ်သိန်းရာချီထက်မနည်း တောင်းခံမှုများရှိနေကြောင်း သိရသည်။

မြို့နယ်စစ်ကောင်စီသည် ဟင်္သာတမြို့ မြို့တော်ခန်းမတွင် ဒေသခံအမျိုးသားများကို ပြည်သူလုံခြုံရေးသင်တန်း ရက်တိုပေးရန်အကြောင်းပြကာ မြို့ခံဆန်ကုန်သည်တစ်ဦးလျှင်ငွေကျပ် ၁၀သိန်းမှ သိန်း ၁၀၀ ကြားပေးဆောင်ရန် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ရက်နေ့က စတင်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တစ်ဆင့် တောင်းခံခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များက ဆိုသည်။

“ သင်တန်းဖွင့်မယ်ဆိုလား ရေဘေးလားမသဲကွဲဘူး။ စာနဲ့ကောလူနဲ့ပါ ငွေတောင်းနေတာ။ မြို့နယ်ကလို့ပြောတယ်။ ခလရ-၁၈ က တပ်အရာရှိတွေလည်းလာတယ်။ တစ်ယောက်ကို ၁၀ သိန်းအနည်းဆုံးထည့်ဖို့လာပြောတယ်။ နောက်နေ့ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ တပ်အရာရှိတစ်ယောက် အိမ်ကိုထပ်လာတာနဲ့ သိန်း၃၀ ပေးလိုက်ရတယ်။ မပေးရင် ကိုယ့်ကိုဒုက္ခပေးမယ့် ပုံစံဖြစ်နေတော့ကြောက်ပြီးပေးလိုက်ရတာ”ဟု မြို့ခံဆန်ကုန်သည်တစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ငွေကြေးကောက်ခံရန်အတွက် မြို့နယ်စစ်ကောင်စီ၊ ခလရ-၁၈ တပ်ရင်းမှူးနှင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်းတို့ပူးပေါင်းပြုလုပ်နေခြင်းဖြစ်ကာ ရေဘေးအကူအညီပေးအပ်ရန်ဟုခေါင်းစဉ်တပ်၍ စစ်သင်တန်းစရိတ်အတွက် အတင်းအကျပ်ကောက်ခံနေခြင်းဖြစ်ကြောင်း မြို့နယ်ဆန်စပါးကုန်သည်များအသင်းနှင့်နီးစပ်သူများထံကသိရသည်။

“ အခုလိုငွေကောက်ဖို့အတွက်ကို ခလရ-၁၈ ကတပ်ရင်းမှူးရယ် မြို့နယ်စစ်ကောင်စီဥက္ကဌရယ် မြို့နယ်ဆန်စပါးအသင်းကအကြီးပိုင်းတွေပေါင်းပြီးလုပ်ကြတာ။ ခေါင်းစဉ်ကတော့ရေဘေးကူညီဖို့အတွက်ပေါ့။ တစ်ကယ်က သင်တန်းအတွက်ရန်ပုံငွေရအောင်ကော၊ သူတို့သုံးဖို့အတွက် ငွေတောင်းတဲ့သဘောပြောလို့ရတယ်” ဟု မြို့နယ် ဆန်စပါးကုန်သည်များအသင်းနှင့်နီးစပ်သည့်တာဝန်ရှိသူတစ်ဦးကဆိုသည်။

အလားတူ ဟင်္သာတမြို့တွင်းရှိ ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းကလည်း လုံခြုံရေးသင်တန်းဖွင့်လှစ်ရန်ကုန်ကျစရိတ်အကြောင်းပြကာမြို့နယ်စစ်ကောင်စီနှင့် ခလရ-၁၈ တပ်ရင်းမှူးတို့မှ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များထံက တစ်ဦးလျှင်ငွေကျပ် ၁၀သိန်းမှ သိန်း ၃၀ ကြား တောင်းယူမှုရှိခဲ့ကြောင်း သိသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်း ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ ပြည်သူ့လုံခြုံရေးနဲ့အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ကို ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိ အမျိုးသားကို စာရင်းကောက်ယူကာ စစ်သင်တန်းပေးရန် စီစဉ်လျက်ရှိသည်။

#ဟင်္သာတ #မြို့နယ်စစ်ကောင်စီ #လုံခြုံရေးသင်တန်းဖွင့်လှစ်ရန် #စစ်သင်တန်းစရိတ် #ဆန်ကုန်သည်များ #ငွေတောင်းခံ #Ayeyarwaddy_Times