ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကုလားပြင်(ရတနာမြိုင်) ကျေးရွာတွင် စစ်ကောင်စီက တပ်စွဲနေရာယူထားရာ ဒေသခံအချို့ ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲစတင်ဖြစ်ပွားပြီး ဩဂုတ် ၁၅ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များ ကုလားပြင်ကျေးရွာတွင် တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်း တပ်စွဲပြီးနောက်ပိုင်း ဒေသခံများနှင့် သံတွဲမှစစ်ရှောင်လာသည့် စစ်ဘေးရှောင်များမှာ ကျေးရွာအတွင်းမှ ထွက်ခွာခွင့်မရတော့ဘဲ စားနပ်ရိက္ခာ ပါသယ်ယူခွင့် မရှိတော့ကြောင်း သိရသည်။
“ဩဂုတ်လထဲတုန်းကတော့ စစ်ရှောင်ဖို့ ထွက်ခွင့်ရတယ်။ အခုက ထွက်ခွင့်မပေးတော့ဘူး။ အချက် အလက် ထောက်ခံစာ ပါရင်တောင်ထွက်ဖို့ အတော်ခက်တယ်။ ရိက္ခာထွက်ဝယ်လို့ ကိုမရတော့ တာတဲ့။ အိမ်တွေလည်း လူတွေမရှိကြတော့ အဖောက်ခံရတဲ့အိမ်တွေ မနည်းဘူး။ စစ်တပ်က ဒဏ်ရာရ စစ်သားတွေ တင်ထားတဲ့အိမ်တွေလည်းမနည်းပဲ”ဟု ဂွမြို့နယ်မှစစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည့်အတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ စားနပ်ရိက္ခာပြတ်လပ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေကြရသည်။
ဂွမြို့နယ်ရှိ ဆေးရုံ၊ ဆေးခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်နေ့ကတည်းက ပိတ်ထားပြီး ကျန်းမာရေးဝန်ထမ်းများ စစ်ရှောင်သွားသည့်အတွက် ဒေသခံများမှာ အခြေခံကျန်းမာရေးစောင့်ရှောက် မှုပင် မရတော့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့မှစ၍ ဂွမြို့နယ် ဂန့်ဂေါ်တောင်ဆည်အနီးတွင်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ ခမရ ၅၆၃မှလည်းစစ်ကူပို့နေကာ ကုလားပြင်ကျေးရွာမှလည်း လက်နက်ကြီး ပစ်ကူများပေးနေကြောင်းသိရသည်။
လက်ရှိတွင် ဂွမြို့နယ်အတွင်းမှ ကုလားပြင်၊ ကိုင်းခုံ၊ ကြွေချိုင်၊ မော်ရွှေဂျိုင်၊ ဂျိုင်ကောက်၊ ပိန္နဲကုန်း၊ ကမ်းသာယာနှင့် ဆတ်သွားတို့မှ ဒေသခံများ စစ်ဘေးရှောင်နေကြကြောင်းသိရသည်။
ပုံစာ- ရခိုင်ရှိစစ်ဘေးရှောင်များကို ကူညီကယ်ထုတ်နေစဥ်(ပုံဟောင်း)
#ရခိုင် #ဂွ #ကုလားပြင်ကျေးရွာ #စစ်ရှောင် #စားနပ်ရိက္ခာပြတ်လပ် #Ayeyarwaddy_Times