နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

အာဏာသိမ်း စစ်ကောင်စီကို ပံ့ပိုးကူညီ၍ မြန်မာ့အရေးကို အလုံးစုံ ဝင်စွက်ဖက်နေသည့်အပေါ် တရုတ်အစိုးရက ငြင်းဆိုထားပြီး မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်များကို ပြန်လည်ပြစ်တင် စွပ်စွဲ ပြောဆိုထားသည်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးကို ၎င်းတို့အနေဖြင့် ဝင်စွက်ဖက်ခြင်းမရှိဘဲ မီဒီယာအချို့နှင့် လူပုဂ္ဂိုလ်များက အကြောင်းမဲ့ ပြစ်တင်နေကာ မြန်မာပြည်သူက ပိုင်ဆိုင်၍ မြန်မာပြည်သူက ဦးဆောင်သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လိုက်နာသည်ဟု တရုတ်သံရုံးက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အကြောင်းမဲ့ ပြစ်တင်နေခြင်းဖြစ်သည်ဟု တရုတ်သံရုံးက နှစ်ကြိမ်တိုင် ပြောဆိုထားသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာ့အရေး ပြောဆိုမှု၊ ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီ၏ သတိပေး ထုတ်ပြန်စာတို့သည် အလုံးစုံ ဝင်စွက်ဖက်နေသည်ကို သက်သေပြနေကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သော (၉) ကြိမ်မြောက် LMC နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အခြေအနေသည် စိတ်ပူပန်စရာ ဖြစ်သည့်အတွက် ကျော်လွန်မရသော စည်းသုံးခုကို ခိုင်မာစွာ ထိန်းသိမ်းသွားမည်ဟု ပြောဆိုခဲ့သည်။

အဆိုပါစည်းသုံးစည်း တားလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်သူ့သဘော ဆန္ဒများကိုစော်ကားခြင်းဖြစ်ပြီး ထိုအရာတင်မက နောက်ဆက်တွဲအဖြစ် ရွှေလီမြို့ နိုင်ငံတော် လုံခြုံရေး ကော်မတီ၏ ထုတ်ပြန်စာသည်လည်း မစ္စတာဝမ်ယိ သဘောအတိုင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မင်းအောင်လှိုင်က ပြည်သူတစ်ရပ်လုံးကို အကြမ်းဖက်လုပ်ရပ်တွေ တောက်လျှောက်လုပ်နေတာ၊ အဲဒါကို ပြန်ပြီးတော့ လူထုက ခုခံရေးစစ်ပွဲ ဆင်နွှဲနေတာ၊ ဒါကို ကျွန်တော်တို့က ဘာရပ်စရာလိုလဲ။ အားလုံးပါဝင်တဲ့ အစည်းအဝေးလုပ်ဖို့ အဲဒါမင်းအောင်လှိုင်ကို ပြောလေ။ သူ့ကိုတော့ တစ်ခွန်းမှ မပြောဘဲ နောက်ကွယ်ကနေ လိုအပ်တာမှန်သမျှ ပံ့ပိုးပေးနေတယ်” ဟု ဦးသန်းစိုးနိုင်က ဆိုသည်။

လက်ရှိ ရှမ်း-မန်း စစ်ဆင်ရေး ဆင်နွှဲနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ဩဂုတ် ၂၉ ရက် ရက်စွဲဖြင့် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီမှ သတိပေး ခြိမ်းခြောက်စာ ပေးပို့လာပြီး တိုက်ပွဲများ ချက်ချင်းရပ်ရန်နှင့် မရပ်တန့်ပါက ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဟု ဖော်ပြထားကြောင်း သိရသည်။

ထိုသို့ TNLA ကို တိုက်ပွဲများ ချက်ချင်းရပ်ရန် တရုတ်အစိုးရက ရာဇသံပေး ခြိမ်းခြောက်စာ ပေးပို့လာမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ EROs များနှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများက တုံ့ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်သံရုံးကလည်း AFP သတင်းထောက်၏ မေးမြန်းမှုကို ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် မြှင့်တင်ဖော်ဆောင်သွားမည်ဟု တရုတ်အစိုးရ၏ ပြောခွင့်ရ Mr. Lin Jian က ဖြေဆိုခဲ့ကြောင်း ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာ့ပြည်တွင်းရေးအား ဝင်စွက်ဖက်နေသည်ကို အားလုံးအသိဖြစ်ပြီး အိမ်နီးချင်းဖြစ်သောကြောင့် အနည်းနှင့်အများ ပတ်သက်ရမည်ကို လက်ခံသော်လည်း မြန်မာပြည်သူလူထု၏ ဆန္ဒ၊ သဘောထားကို သေချာသိရှိ နားလည်ရန်လိုကြောင်း မဲခေါင်သတင်းဌာန၏ တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“တိုင်ရင်းသား ပြည်သူအားလုံးက လက်မခံတဲ့ စစ်အာဏာရှင်တွေကို အစဉ်အဆက် တရုတ်က ထောက်ပံ့ကူညီခဲ့တာကြောင့် မြန်မာပြည်သူတွေ အများစုက တရုတ်နိုင်ငံကို အမြင်မကြည်လင်ကြဘူး။ လက်ရှိမှာလည်း စစ်အာဏာရှင် သက်ဆိုးရှည်အောင် ဆက်ပြီး တစ်နည်းတစ်ဖုံနဲ့ ကူညီနေမယ်ဆိုရင် ဆန့်ကျင်မှုတွေ၊ ဝေဖန်မှုတွေနဲ့ ကြုံရမှာပဲ” ဟု ၎င်းက ဆိုသည်။

တရုတ်သံရုံး၏ ယခုရက်အတွင်း ထုတ်ပြန်ချက်တွင်မူ နှစ်နိုင်ငံ ဆက်ဆံရေးကို သွေးခွဲလိုသော၊ တရုတ်နိုင်ငံအား အကြောင်းမဲ့ ပြစ်တင်သော မည်သည့်ပြောဆို လုပ်ဆောင်မှုကိုမဆို ဆန့်ကျင်ကာ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသော ချစ်ကြည်ရေးမူဝါဒသည် မြန်မာပြည်သူတစ်ရပ်လုံးကို မျက်နှာမူကြောင်း ဖော်ပြခဲ့သည်။

“သူတို့က တကယ်တော့ မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကိုပဲ မျက်နှာမူနေတာ၊ ဝန်ကြီးဝန်လေးတွေနဲ့ တွေ့နေတာ။ သမိုင်းတလျှောက်လုံးမှာ ပြည်သူကို တရုတ်က မျက်နှာမူပြီး ပြည်သူ့သဘောထားအတိုင်း လုပ်ခဲ့တယ်ဆိုတဲ့သမိုင်းက တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းမှာ ဆင်ဖြူရှင်လက်ထက်ကစပြီး ဒီနေ့အထိ တစ်ခါမှ မရှိခဲ့ပါဘူး” ဟု မြန်မာ့အရေး လေ့လာသူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

ဓာတ်ပုံ-စစ်ကောင်စီ

#တရုတ် #မြန်မာ့အရေး #ဝင်မစွက်ဖက် #ငြင်းဆို #မီဒီယာအချို့ #လူပုဂ္ဂိုလ်များ #အကြောင်းမဲ့အပြစ်တင် #စွပ်စွဲ #Ayeyarwaddy_Times