
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
တိုင်ဖွန်းယာဂီနောက်ဆက်တွဲမိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံတွင် ရေဘေးသင့်သူ ခြောက်သိန်းကျော်ရှိကြောင်း UNOCHAM ထုတ်ပြန်သော်လည်း စစ်ကောင်စီ၏စာရင်းတွင်မူ လူဦးရေ တစ်သိန်း ကျော်သာပါဝင်ပြီး သေဆုံးသူ ၂၂၆ ဦးရှိကြောင်းဆိုထားသည်။
နေပြည်တော်အပါအဝင် ပဲခူး၊ မကွေး၊ မန္တလေး ၊ ကရင်နီ၊ ကရင်၊ မွန်၊ ရှမ်း (အရှေ့ပိုင်းနှင့်တောင်းပိုင်း) တို့ရှိ မြို့နယ် ၅၉ မြို့နယ်ထိခိုက်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းရေဘေးသင့်သူ ခန့်မှန်းခြေ ၆၃၁,၀၀၀ ဦးရှိပြီး ရာနှင့်ချီ သေဆုံးမှုများရှိကာ အများအပြားပျောက်ဆုံးလျက်ရှိကြောင်း ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားရေးဆိုင်ရာမြန်မာရုံး (UNOCHAM) က ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့်စက်တင်ဘာ ၁၀ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်သူ ၂၂၆ ဦးသေဆုံးပြီး ပျောက်ဆုံးသူ ၇၇ ဦးရှိကြောင်း စစ်ကောင်စီက ဆိုထားသည်။
ထို့ပြင် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် မြို့နယ် ၅၆ မြို့နယ်ရှိ လူနေအိမ် ၂၁၁၆ လုံးထိခိုက်ပျက်စီးခြင်း၊ ၁၅၈,၃၇၃ လုံး ရေဝင်နစ်မြုပ်ခြင်း၊ အိမ်ထောင်စု ၄၂,၈၅၈ စုမှ ရေးဘေးသင့်သူ လူဦးရေ ၁၆၃,၇၁၀ ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း စုစုပေါင်း ၄၃၈ ခုဖွင့်လှစ်ထားကြောင်းပါဝင်သည်။
“စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းတွေ ထက်တော့မကနိုင်ဘူး။ တချို့ရွာတွေမှာ ကယ်ဆယ်ရေး တွေတောင် မရောက်သေးဘူး။ မြေပြင်ဆင်းဖို့အထိ စစ်ကောင်စီမရောက်နိုင်လောက်ဘူး” ဟု သဘာဝ ပတ်ဝန်းကျင်အရေးဆောင်ရွက်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် တိရစ္ဆာန်အမျိုးအစားအစုံ ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေဝင်နစ်မြုပ်ကာ ရုံးအဆောက်အဦး ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေးအဆောက်အဦ ၃၈၆ လုံး ၊ လမ်း/တံတားအချို့အပါအဝင် လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များရေဝင်နစ်မြုပ်သွားကာ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီက ဆိုထားသည်။
လက်ရှိချိန်ထိနေရာအများစုတွင် ရေလွှမ်းမိုးနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ခြင်းနှင့် အရေးပေါ်အကူအညီပေးခြင်းများဆက်လက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရေကြီးရေလျှံ #ရေဘေးသင့် #၆သိန်း #UNOCHAM #Ayeyarwaddy_Times