
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
လက်ရှိတောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်း လာနိုင်ကာ လာမည့် ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသများသို့ ဖြတ်ကျော်ရောက်ရှိ လာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းတွင် အထူးသတင်းအနေဖြင့် ထုတ်ပြန်သည်။
တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် စက်တင်ဘာ ၂၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ပြီး၊ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းများရောက်လာနိုင်ခြင်းဖြစ်သည်။
လာမည့် ၂၁ ရက်မှ ၂၅ ရက်အတွင်း လေပွေလှိုင်း၏အရှိန်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည် နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထို့ပြင် အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ က ဆိုထားသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း နှင့် မြေပြိုခြင်းနှင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာ ရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးထားသည်။
အဆိုပါ တောင်တရုတ်ပင်လယ်ပြင်ပေါ်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်းတိုင်းငယ်၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပြီးနောက် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုးအားကောင်းလာနိုင်ကြောင်း မိုး/ဇလကထုတ်ပြန် သည်။
ဓာတ်ပုံ – မိုးဇလ
#တောင်တရုတ်ပင်လယ် #မုန်တိုင်းငယ် #မြန်မာနိုင်ငံအရှေ့ပိုင်းဒေသ #မိုးသည်းထန် #ရေကြီးရေလျှံသတိပြုရန် #မြေပြိုမှုသတိပြုရန် #Ayeyarwaddy_Times