
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်နေစဉ်အတွင်း ကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက တောင်ငူမြို့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ ကယ်ဆယ်ရန်သွားရောက်စဉ် အသက် ၂၆ နှစ်အရွယ်ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦး ရေစီးနှင့်မျောပါ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့လူမှုကူညီရေးအဖွဲ့ထံက သိရသည်။
“ရေတွေက မနေ့ကအထိကို တအားတက်ပြီး ရေစီးကြမ်းနေတုန်းပဲ။ ကူညီဖို့ကားနဲ့သွားတဲ့အချိန် ကားလမ်းကလည်း ပျက်စီးပြီးလမ်းကြမ်းနေတာ။ ကားပေါ်ကကျပြီး ရေစီးနဲ့ပါသွားတာ” ဟု ကူညီရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူသည် အသက် (၂၆) နှစ်အရွယ် စောနော်ဂျာဖြစ်ပြီး ရှင်ပေါလုအသင်းတော် ကူညီ ကယ်ဆယ်ရေး အဖွဲ့မှဖြစ်ကြောင်း သိရသည်။
တောင်ငူမြို့တွင် ယနေ့စက်တင်ဘာ ၁၆ ရက်နေ့အထိ ရေစီးသန်သည့် ကျေးရွာအချို့ကို ကူညီ ကယ်ဆယ်ရန် အခက်အခဲများရှိနေပြီး သောက်သုံးရေ၊ အစားအစာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း ရေဘေးကူညီရေးအဖွဲ့ဝင်များ ထံက သိရသည်။
တောင်ငူမြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်၍ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကာ တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နှင့် ထန်းတပင် မြို့နယ်တို့ရှိ ကျေးရွာအမြောက်အများ ရေနစ်မြုပ်ကာ ရေဘေးသင့်ပြည်သူ ရှစ်သောင်း (၈၀,၀၀၀) ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကူညီခဲ့ရကြောင်း သိရသည်။
အလားတူ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများတွင် ရေဘေး ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ရဲဘော်နှစ်ဦး ရေစီးနှင့်မျောပါခဲ့ပြီး တစ်ဦးကိုမူ အသက်ရှင်လျက်ရှာဖွေတွေ့ရှိခဲ့ကြောင်း နေပြည်တော် PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် လူပေါင်း သုံးသိန်းနှစ်သောင်းကျော် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ဦးအထိရှိလာကြောင်း စစ်ကောင်စီက ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့ရက်စွဲ့ဖြင့် ထုတ်ပြန်ထားသည်။
ပုံစာ-တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်နေလုပ်ဆောင်နေစဉ်အတွင်း သေဆုံးခဲ့သူ စောနော်ဂျာ
#ပဲခူး #တောင်ငူ #ရေဘေး #ကူညီကယ်ဆယ်ရေး #အဖွဲ့ဝင်သေဆုံး #ရှင်ပေါလုအသင်းတော် #Ayeyarwaddy_Times