ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် စက်တင်ဘာလ ၁၃ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်နှင့်ရဲများမှ လိုင်စင်မဲ့ဆိုင်ကယ်များကို စီမံချက်ဟုဆိုကာ သိမ်းယူခြင်းနှင့် စီးနင်းသူများကိုဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပုသိမ်မြို့တွင် ယခင်က ယာဥ်ထိန်းရဲများမှနေ့ဘက်တွင်သာ ဖမ်းဆီးမှုများပြုလုပ်သော်လည်း စက်တင်ဘာလ ၁၄ရက်နေ့က ညပိုင်း ကင်းလှည့်သည့်စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့များက ဆိုင်ကယ်စီးနင်းသူအချို့အားဖမ်းဆီးကာ ငွေတောင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“ညဘက်ကြီး အဖမ်းခံရတယ်ဆိုလို့ စခန်းကိုလိုက်ရတယ်။ ဆိုင်ကယ်လိုင်စင်မပါလို့ စီမံချက်နဲ့ဖမ်းတာလို့ပြောတယ်။ ဆိုင်ကယ်လည်းပေးခဲ့ရသလို လူကို ပြန်လွှတ်အောင် သိန်း၂၀ပေးလိုက်ရတယ်”ဟု ဖမ်းဆီးခံခဲ့ရသည့် ပုသိမ်မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စက်တင်ဘာလ ၁၃ရက်နေ့ကလည်း မြောင်းမြမြို့တွင် နေရာသုံးခုခွဲ၍ ဆိုင်ကယ်များစစ်ဆေးခဲ့ပြီး လိုင်စင်မရှိသည့်ဆိုင်ကယ် ၃၀နီးပါးကို သိမ်းဆည်းသွားကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ဓနုဖြူမြို့နယ်တွင်လည်း လိုင်စင်မဲ့ဟုဆိုကာ ဆိုင်ကယ်အစီး ၈၀ ခန့်ကို သိမ်းယူထားပြီး ဆိုင်ကယ်မောင်းနှင်သူများကိုပါ အရေးယူမည်ဟု သိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“လိုင်စင်မဲ့ဖမ်းတာကိုတော့ မပြောလိုပါဘူး။ ဒါပေမယ့် စစ်သား၊ရဲ၊ ဒန၊ သတင်းတပ်ဖွဲ့၊စရဖနဲ့ရဲသတင်းပေးတွေကြတော့ ဆိုင်ကယ်၊ ကား လိုင်စင်မဲ့တွေစီးနေကြ ရောင်းနေကြတာ မဖမ်းဘူး။ ဥပဒေက သာမန်ပြည်သူတွေပေါ်ပဲ သက်ရောက်သလိုဖြစ်နေတယ်”ဟု မြောင်းမြမြို့ခံတစ်ဦးမှ ဧရာ၀တိီတိုင်မ်းကိုပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ်ဖမ်းဆီးမှုများပြုလုပ်ရာတွင် ဆိုင်ကယ်ကို သိမ်းယူသည့်အပြင် ထောင်ဒဏ်တစ်လ ကျခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာများက ပြောဆိုကြောင်း မြို့နယ်အချို့မှ ပြည်သူများက ဧရာဝတီတိုင်းမ်သတင်းဌာနသို့ သတင်းပေးပို့မှုများလည်း ရှိနေသည်။

မအူပင်မြို့တွင် စက်တင်ဘာလ ၁၄ရက်နေ့က မြို့တွင်းနေရာအနှံကို ကားဖြင့်ပတ်ကာ ဆိုင်ကယ်များကိုတားဆီးစစ်ဆေးပြီး လိုင်စင်မပါသောဆိုင်ကယ်များကို ငွေကြေးယူကာ ငွေမပေးနိုင်သောဆိုင်ကယ်များကို သိမ်းယူသည့်ဖြစ်စဉ်လည်း ဖြစ်ပွါးခဲ့သည်။

#ဧရာ၀တီတိုင်း #လိုင်စင်မဲ့ဆိုင်ကယ် #စီမံချက်ဖြင့်သိမ်းယူ #စီးသူများကိုဖမ်းဆီး #Ayeyarwaddy_Times