
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
နိုင်ငံတစ်ဝန်း ရေကြီး၊ ရေလျှံမှုဖြစ်ပွား၍ အရေးပေါ် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန် လိုအပ်နေချိန်တွင် စစ်ကောင်စီက တားမြစ်ပိတ်ပင်မှုများရှိနေကြောင်း သိရသည်။
ပဲခူးတိုင်းအတွင်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်များအတွင်း ရေကြီးရေလျှံမှုများကို အရေးပေါ်ကူညီကယ်ဆယ်ရေးဆောင်ရွက်ရာတွင် တားမြစ်ပိတ်ပင်မှုခံရခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လှေ ငါး စီးယူပြီး ပဲခူးကနေပြီး တောင်ငူကိုထွက်လာကြတာ ။ လမ်းကြောင်းသွားလာရေး အဆင်ပြေအောင် သက်ဆိုင်ရာတွေကိုလည်း အကြောင်း ကြားပြီး ထွက်လာခဲ့ကြတာ။ တောင်ငူလည်း ရောက်ရော အဲဒီကသက်ဆိုင်ရာက လှေ လေးစီးကို သူတို့ပေးရမယ်။ ကျန်တစ်စီးကိုယူလို့ ပြောပါ တယ်။ ဒါတောင် မနက်မှကြည့်ရှုစစ်ဆေးပြီး ခွင့်ပြုမယ်လို့ပြောပါတယ်”ဟု ရေဘေးကူညီရန် ဆောင်ရွက်ခဲ့သည့် ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် တောင်ငူမြို့ရှိ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးပိုင်းအဖွဲ့ဝင်များမှလည်း ကူညီ ကယ်ရေးလုပ်ဆောင်ရန် လာရောက်သူများကို တစ်ညအိပ်နေစေပြီး နံနက်ရောက်မှသာ ကြည့်ရှု စစ်ဆေးခြင်းများပြုလုပ်၍ ကယ်ဆယ်ရေးဆောင်ရွက်ရန် အချို့ကိုခွင့်ပြု၍ အချို့ကိုလှည့်ပြန်ခိုင်းမှုများ ရှိကြောင်း သိရသည်။
အလားတူ ထန်းတပင်နှင့် ရေတာရှည်မြို့နယ်များအပါ တောင်ငူခရိုင် ခြောက်မြို့နယ်တွင် ရေများ ဝင်ရောက်ကာ နေအိမ်များရေနစ်မြုပ်၍ အကူအညီများအရေးပေါ် လိုအပ်လျက်ရှိသော်လည်း စစ်ကောင်စီက ယင်းမြို့နယ်များ၏ စစ်တောင်းမြစ်ရှေ့ဘက်ခြမ်းကျေးရွာများသို့ ကယ်ဆယ်ရေးများ သွားရောက်ခွင့်မပြုဘဲ ပိတ်ထားသည်ဟု ကယ်ဆယ်ရေးအဖွဲ့များထံက သိရသည်။
လတ်တလောတွင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ မြို့နယ်အချို့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ရေနစ်မြုပ်နေသည့် ကျေးရွာမှ ရေဘေးသင့်ပြည်သူများကို ကယ်ထုတ်ပြီး ဘေးလွတ်ရာသို့ ပို့ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိနေပြီး ကယ်ဆယ်ရာတွင် ရေနှင့်အတူ ရဲဘော် နှစ် ဦးမျောပါ၍ တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ရေမြုပ်နေတဲ့ကျေးရွာက ပြည်သူတွေကို ကယ်ထုတ် ပေးနေပါတယ်။ ရေတွေအရမ်းတက်လာတဲ့ စက်တင်ဘာ ၁၃ ရက်မှာ ရဲဘော်တွေက ဝါးဖောင်နဲ့ကယ်ဆယ်ဖို့လုပ်တော့ ရေနဲ့မျောပါ သွားတာ။ တစ်ယောက်ပဲရှင်လျက်ပြန်တွေ့တယ်”ဟု ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင် တောင်ငူမြို့နယ်တွင် ရေများဆက်လက်မြင့်တက်နေရာ ကူညီကယ် ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် စစ်ကောင်စီ၏ သတ်မှတ်နယ်မြေ ကျော်လွန်သည်ဟုဆိုကာ ပစ်ခတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုရှိမရှိနှင့် အသေးစိတ်အခြေအနေကို ဧရာ၀တီတိုင်းမ် အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
တောင်ငူတွင်သွားရောက်၍ ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့ဝင်တစ်ဦးကလည်း “ကယ်ဆယ် ရေးတွေပါကွ၊ မလုပ်ကြပါနဲ့ကွ”ဟု ၎င်း၏ လူမှုကွန်ရက်တွင်ရေးထားသည်ကို တွေ့ရသည်။
ပုံစာ- ရေဘေးကယ်ဆယ်ရန် သွားရောက်စဉ် တားဆီးခံရ၍ ပြန်လှည့်လာသည့် ယာဉ်အချို့
#ရေကြီးရေလျှံ #ကူညီကယ်ဆယ်ရေး #စစ်ကောင်စီတားမြစ် #Ayeyarwaddy_Times