ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ရက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အင်းတော်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခြင်းနှင့် မီးလိုက်လံရှို့ခြင်းတို့ကြောင့် အင်းတော်မြို့ နေရာအများစု ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်နေ့က အင်းတော်မြို့မဈေးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဝင်ရောက်မီးရှို့မှုများ ပြုလုပ်ခဲ့သည့်အတွက် အင်းတော်မြို့မဈေးမှာ ပြာပုံအတိ ဖြစ်သွားကြောင်း သိရသည်။

အင်းတော်မြို့အတွင်း နေရာသုံးခုထက်မနည်းတွင်တပ်စွဲထားသည့်စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှစ၍ အင်းတော်မြို့ ရေနားတန်းရပ်ကွက်နှင့် မြို့မဘုန်းကြီးကျောင်းအနီးရှိ နေအိမ်များကို စတင်မီးရှို့ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“စစ်တပ်က တပ်စွဲထားတဲ့နေရာတွေကနေ ပထမ လက်နက်ကြီးနဲ့ပစ်တယ်တဲ့။ ရှင်းတယ်ဆိုရင် ထွက်လာပြီး ပစ်ကွင်းမရှင်းတဲ့ အဆောက်အအုံတွေကို မီးရှို့တယ်။ မြို့မဘုန်းကြီးကျောင်းထဲမှာ ပိတ်မိ နေသူတွေကိုစိတ်ပူတယ်။ ဓားစာခံ လုပ်ဖမ်းခံထားရတာ တစ်လပြည့်ပြီ” ဟု အင်းတော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က အင်းတော်မြို့အတွင်းရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဩဂုတ် ၂၄ ရက်နေ့တွင် အင်းတော်မြို့မရဲစခန်းကို သိမ်းပိုက် နိုင်ခဲ့ပြီး အကျဉ်းသားများကိုလည်း ကယ်ထုတ်နိုင်ခဲ့သည်။

ထို့အပြင် ဩဂုတ် ၂၂ရက်နေ့တွင် ရွှေဘို- မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့ လမ်းဆုံ ၊နဘား မြို့နယ်ခွဲရှိ နဘားလမ်းဆုံမှ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။

အင်းတော်မြို့မဘုန်းကြီးကျောင်းအတွင်း ပိတ်မိနေသည့် လူဦးရေ ၁၀၀၀ ခန့်ကို စစ်ကောင်စီက ဓားစာခံအဖြစ်ပိတ်ဆို့ ဖမ်းဆီးထားပြီး ပြင်ပသို့ထွက်ခွာခွင့်မပြုကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များက အင်းတော်လျောင်းတော်မူဘုရားကုန်း၊ ဂျပန်လှိုဏ်ဂူတောင်ကုန်း၊ အင်းတော်ဗျူဟာကုန်းနှင့် နန့်ခင်တောင်ကုန်း၊ အင်းတော်မြို့မဘုန်းကြီး‌ကျောင်းတို့တွင် နေရာယူ တပ်စွဲထားကြောင်းသိရသည်။

ပုံစာ- ယခင်မြို့မစျေးနှင့် ယခုမီးရှို့ခံထားရသည့် အင်းတော်မြို့မစျေး
#စစ်ကိုင်း #ကသာ #အင်းတော် #စစ်ကောင်စီ #မြို့မဈေး #မီးရှို့ #Ayeyarwaddy_Times