
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ စတင်ဆုတ်ခွာမည်ဖြစ်ပြီး ယင်းအချိန်တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမြဲထက် ထစ်ချုန်း ရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန် ထားသည်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် စက်တင်ဘာ ၁၅ ရက်မှ ၂၀ ရက်နေ့တွင် လည်း ကောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် စက်တင်ဘာ ၂၁ ရက်မှ ၂၆ ရက်တွင်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၂ ရက်နေ့အတွင်း ဆုတ်ခွာနိုင်ကြောင်းသိရသည်။
ယခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ အရှေ့- အရှေ့မြောက်လေးများ စတင်ဝင်ရောက် နိုင်ပြီး အိန္ဒိယအနောက်မြောက်ပိုင်းတွင် အနောက်တောင်မုတ်သုံလေ စတင်ဆုတ်ခွာလာနိုင်ခြေများ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(MOHADM)က ထုတ်ပြန်သည်။
အဆိုပါကာလ မုတ်သုံလေဆုတ်ခွာချိန်တွင် မုတ်သုံလေအားကောင်းနေမှုကြောင့် လာမည့် ၈ ရက်မှ ၁၀ ရက်ခန့်အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ကြောင်း MOHADM က ဆိုထားသည်။
ထို့ပြင် လာမည့် ၄ ရက်မှ ၇ ရက်ခန့်အတွင်း စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ချင်း၊ ရခိုင်၊ ကရင်နှင့် မွန် ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
လက်ရှိမိုးနှောင်းကာလတွင် စစ်တောင်းမြစ်ရေကြီးမှုကြောင့် တောင်ငူနှင့်မဒေါက်မြို့အတွင်း ရေ ၆ ပေကျော်မြင့်တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ကူညီကယ်ဆယ်ရေးစခန်းများတွင် ဒေသခံ သောင်းနှင့်ချီရွှေ့ပြောင်းနေထိုင်ရကြောင်းသိရသည်။
ယခုနှစ်တွင် သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ်ထက်ကျော်လွန်ကာ မကြာခဏမြင့် တက်ပြီး မြို့အတွင်းရေလွှမ်းမိုးကာဒေသခံများမကြာခဏရေဘေးရှောင်နေရကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁၈ ရက်အတွင်းဆုတ်ခွာခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#အနောက်တောင်မုတ်သုံလေ #ဆုတ်ခွာ #မြန်မာနိုင်ငံအထက်ပိုင်း #ပုံမှန်မိုးရွာသွန်းမှု #ထစ်ချုန်းရွာမည် #Ayeyarwaddy_Times