ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာနှင့် ဖားပြင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၁၆ရက်နေ့ နေ့လယ် ၂နာရီ ၂၅မိနစ်ခန့်မှစတင်၍ ဖားကန့်မြို့နယ် ဆိုင်းတောင် ရပ်ကွက် (၃)၊ ရပ်ကွက်(၄) နှင့် ဖားပြင် ဆုတောင်းကုန်းဘက်သို့ လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ထို့အပြင် နေ့လယ် ၁ နာရီကျော်ခန့်က ဖားကန့်ဗျူဟာမှ လက်နက်ကြီးများပစ်ခတ်တိုက်ခိုက် သည့်အတွက် ငှက်ပျောတောရပ်ကွက်သို့ လက်နက်ကြီးကျရောက်ပြီး ဒေသခံ နှစ်ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဗျူဟာကုန်းကပစ်တာ၊ ငှက်ပျောတောနဲ့ မှော်တောင်းရွာဘက်ကလူတွေထိတယ်ပြောတယ်။ လေယာဉ်က လက်နက်ကြီးပစ်ပြီးတာနဲ့ တန်းကြဲတာ။ နှစ်ကြိမ်လာကြဲတယ်။ ဖားပြင်ဘက်လည်း ကြဲသွားတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖားကန့် ဆိုင်းတောင်ကျေးရွာကို ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်နေ့ မနက် ၁နာရီခန့်က ခမရ-၁၁၉မှ ဗိုလ်မှူးသက်ပိုင်ထွန်းဦးဆောင်သည့် စစ်ကောင်စီအင်အား ၁၀၀ကျော်ပါအဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး Lucky Man Hotelအတွင်းရှိ လူ ၂၀၀ကျော်ကို ဖမ်းဆီးပြီး ကျောက်သွေးတောင်ဘက်မှပါ စစ်ကြောင်းထိုးလာရာမှ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက PCGခေါင်းဆောင်၏ ဆွေးနွေးညှိနှိုင်းမှုကို လက်မခံဘဲ ဓားစာခံဖမ်းထားသူများကို ပစ်ခတ်သတ်ဖြတ်မှုများပြုလုပ်သလို နေ့စဉ်နေလှန်းကာ ရိုက်နှက်နှိပ်စက်မှုများပြုလုပ်နေပြီး တပ်စွဲထားရာအနီး ဖြတ်သန်းသွားလာသူများကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်နေ့ကလည်း စစ်ကောင်စီ၏ ဆိုင်းတောင် ရဲစခန်းကို KIAက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက ဆိုင်းတောင်ကျေးရွာ အတွင်းသို့မနက် ၁၀နာရီမှ နေ့လယ် ၂နာရီထိ လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့သည်။

ပုံစာ- ငှက်ပျောတောရပ်ကွက်မှ လက်နက်ကြီးထိမှန်သေဆုံးသူ၊ စက်တင်ဘာ ၁၂ရက်နေ့က ဆိုင်းတောင်ကို စစ်ကောင်စီ ဗုံးကြဲချပြီး မြင်ကွင်း
#ကချင် #ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ဗုံးကြဲ #လက်နက်ကြီးပစ် #Ayeyarwaddy_Times