အယိုက်လင်း/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ဂန့်ဂေါ်တောင်ကျေးရွာရှိ အသက်မပြည့်သေးသည့် ချင်းလူငယ်သုံးဦး ဖမ်းဆီးခံရပြီး အဆက်သွယ်ပြတ်တောက်နေကြောင်း မိသားစုဝင်နှင့် နီးစပ်သူထံက သိရှိရသည်။

ဂန့်ဂေါ်တောင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့သည် စက်တင်ဘာလ ၆ ရက်နေ့က ၎င်းကျေးရွာတွင်းသို့ ဝင်ရောက်၍ ရိုက်နှက်စစ်ဆေးစဉ် ချင်းလူဦးသုံးသည် ကြောက်လန့်၍ ထွက်ပြေးရာ ရွာပြင်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့် ချင်းလူငယ် သုံးဦးကို ကုလားပြင်ကျေးရွာရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကြားသိရသော်လည်း မိသားစုဝင်နှင့် တွေ့ဆုံခွင့်မရရှိဘဲ အဆက်သွယ်ပြတ်နေကြောင်း သိရှိရသည်။

“ကလေးတွေက အဖမ်းခံရကတည်းက အဆက်သွယ်မရသေးတာပါ။ အဖမ်းခံရတုန်းက ကုလားပြင်ရဲစခန်းမှာ ထိန်းသိမ်းခံရတယ်လို့ဘဲကြားတယ်။ ဒါပေမဲ့ အဲ့မှာရှိ ၊ မရှိ မသိရဘူး။ အဆက်သွယ်မရဘူး။ သေသလား ရှင်သလားပေါ့။ မိဘတွေက စိတ်ပူနေကြရတယ်” ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် ချင်းလူငယ်သုံးဦးသည် အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ်များဖြစ်ပြီး ၎င်းတို့သည် ညီအစ်ကိုအရင်းများဖြစ်ကြောင်းသိရှိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ ဝင်ရောက်စစ်ဆေး ရိုက်နှက်မှုကြောင့် ဂန့်ဂေါ်တောင်ကျေးရွာရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။

“လူငယ်သုံးယောက် အဖမ်းခံရပြီးနောက်ပိုင်းလည်း စစ်သားတွေက ရွာထဲမကြာခဏ ဝင်ရောက်ပြီး စစ်ဆေးမှုတွေလုပ်တယ်။ ဖမ်းဆီးမှုတွေလည်းရှိသေးတယ်။ အခုရွာသားတွေက ရွာထဲမနေရဲတော့ဘဲ တောတောင်ထဲ ထွက်ပြေးကုန်ပြီ” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဂန့်ဂေါ်တောင်ကျေးရွာသည် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

အလားတူ ယခုလပထမအပတ်ကလည်း ဂန့်ဂေါ်တောင်ကျေးရွာရှိ ချင်းအမျိုးသား ခြောက်ဦးကို အာရက္ခတပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိ အဆက်သွယ်မရသေးကြောင်း ဒေသခံများထံက သိရှိရသည်။

#ကျိန္တလီမြို့ #အသက်မပြည့်သေးသည့် #ချင်းလူငယ်၃ဦး #ဖမ်းဆီးခံရ #အဆက်သွယ်ပြတ်နေ
#Ayeyarwaddy_Times