
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက ၎င်းတို့၏ နောက်ဆုံးစစ်စခန်း မကျစေရေးအတွက် လေကြောင်းအသုံးပြုကာ အပြင်းအထန်ခုခံလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ MI 35 ရဟတ်ယာဉ်တစ်စင်းသည် ယနေ့ စက်တင်ဘာ ၁၆ရက်နေ့ နံနက် ၉နာရီ ၂၀မိနစ်ခန့်မှစ၍ ပင်လည်ဘူးမြို့ပေါ်သို့ ပျံဝဲပြီး လေကြောင်းတိုက်ခိုက်ရန်ပြင်ဆင်နေကြောင်း သိရသည်။
“လေကြောင်းကနေ နေ့တိုင်းလာပစ်တယ်။ တစ်နေ့ကို ဗုံးသီး ၄၀၊ ၅၀လောက်ကိုကြဲတာ။ ဩဂုတ်လတုန်းကဆိုရင် ဗုံးသီး ၁၀၀ လောက်ကိုသုံးတယ်။ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း ကြီးလိုပဲ ပင်လည်ဘူးက လေယာဉ်မျိုးစုံကို သုံးပြီးကြဲတာ” ဟု ထောက်ပို့ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ရက်နေ့ကလည်း တံတားဦးလေတပ်မှ တက်လာသည့် Yak 130 Jet Fighterနှင့် တိုက်လေယာဉ်တစ်စင်းတို့သည် နေ့လယ် ၁၂နာရီ ၂၇မိနစ်မှစ၍ ၁၂နာရီ ၄၀မိနစ်အထိ ပင်လည်ဘူးမြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထို့အပြင် စက်တင်ဘာ ၁၄ရက်နေ့ ကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပင်လည်ဘူး မြို့ပေါ်သို့ နံနက် ၉နာရီ ၁၁မိနစ်တွင်တစ်ကြိမ်၊ ၉နာရီ ၁၅မိနစ်၊ ၉နာရီ၂၀မိနစ်၊ ၉နာရီ ၂၅မိနစ်တို့တွင် လေးကြိမ်တိုင် လေကြောင်းမှတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ပင်လည်ဘူးမြို့ကို မြေပြင်မှစစ်ကြောင်းထိုးတက်ရန် ဝန်းသိုမြို့မှ စစ်ကောင်စီ တပ်များနှင့် ပျူစောထီး၊ ပြည်သူ့စစ်များကို အသုံးပြုသော်လည်း တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသဖြင့် တပ်ပြန်ဆုတ်ကာ လေကြောင်းမှ ပင်လည်ဘူးမြို့နယ် ကျေးရွာများသို့ စစ်ကူ ပို့ဆောင်မှုများ ပြုလုပ်လျက်ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာ ၈ရက်နေ့ ညနေ ၃ုနာရီခန့်က ပင်လည်ဘူးမြို့မြောက်အရပ်သို့ MI 17 လေးစင်းဖြင့် စစ်ကူများပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၄ရက်နှင့် ၂၇ရက်တို့တွင်လည်း စစ်ကောင်စီက MI 17ဖြင့် စစ်ကူအင်အား ၂၀၀ခန့်ကို ပင်လည်ဘူးမြို့ ဘန့်ဘွေးကုန်းကျေးရွာနှင့် ကျွန်းပင်သာကျေးရွာဘက်သို့ အကြိမ်ပေါင်းများစွာ စစ်ကူပို့ခဲ့ကြောင်း သိရသည်။
ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ရာ တပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုနောက်ဆုံးကျန်သည် ရဲစခန်းရိပ်သာကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
မြို့ကို တော်လှန်ရေးတပ်များက ပိတ်ဆို့ထားသည့်အတွက် ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ခန့် တော်လှန်ရေးတပ်ဖွဲ့များထံ အညံ့ခံခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #ကောလင်း #ပင်လည်ဘူး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်#Ayeyarwaddy_Times