ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

ရှမ်းတောင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးတွင် ရေများထပ်မံမြင့်တက်လာကာ နှစ်ထပ်နေအိမ်များပင် ရေနစ်မြုပ်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အင်းလေးတွင် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှစတင်၍ ရေမြင့်တက်လာကာ စက်တင်ဘာ ၁၅ ရက်နေ့တွင် အင်းလေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရားနှင့် အနီးကျေးရွာပေါင်း ၁၇၁ ရွာမှ တစ်ထပ်အိမ်များရေနစ်မြုပ်၍ ဘုန်းကြီးကျောင်းနှစ်ထပ်ဆောင်များတွင် သွားရောက်ခိုလှုံ နေထိုင်နေ ကြရကြောင်း သိရသည်။

“မနေ့က တစ်ထပ်နေအိမ်တွေ ခေါင်ထိမြုပ်လို့ နှစ်ထပ် အိမ်တွေနဲ့ ဘုန်းကြီးကျောင်း‌အထပ်မြင့်တွေမှာ သွား ပြီးနေနေကြတာ။ အခု နှစ်ထပ်အိမ်တွေပါ ရေတက်လာပြီး မြုပ်ကုန်ပြီ။ အိမ်အောက်ထပ်က ယက်ကန်းစင်တွေ၊ အချို့က စိုက်ပျိုးထားတဲ့သီးနှံတွေ သို လှောင်ထားကြတာ အကုန်ပျက်စီးကုန်ပြီ။ အကူအညီတွေလည်း မရကြသေးဘူး။ သေတဲ့လူတွေလည်းများတယ်။ ပြေးဖို့လည်း မဖြစ်နိုင်တော့ဘူး။ အကုန်ပိတ်မိနေတာ”ဟု အင်းလေးဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ အင်းလေးကန်အတွင်းမှ ရေများအတွက် ရေထွက်ပေါက်မှာ မိုးဗြဲဆည် ရေထွက် ပေါက်တစ်ခုသာရှိ၍ ဒေသခံများသည် ရေနစ်မြုပ်မှုဒဏ်ကို အနည်းဆုံး နှစ်လမှ သုံးလခန့်အထိ အချိန်ကြာမြင့်စွာ ခံစားကြရကြောင်း ဒေသခံများထံက သိရသည်။

အင်းလေးကန်အတွင်းက ဖောင်တော်ဦးဘုရားလည်း ရေနစ်မြုပ်နေပြီး နန်းပန်ဈေးနှင့် သာလေးကျေးရွာ အုပ်စု၊ ရွာမကျေးရွာ၊ သပြေပင်၊ တောင်ပို့နီ၊ ကေလာ၊ နန်းပန်၊ မိုင်းသောင်၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံ ဖောင်တော်ဦးအနောက်ဘက်ရှိ နမ့်ဟူရွာအပါအဝင် ရွာပေါင်း ၁၇၁ ရွာ ရေနစ်မြုပ်နေပြီး သေဆုံးမှုများ ပြားကြောင်း သိရသည်။

လက်ရှိတွင် အင်းလေး၌ ရေနစ်မြုပ်နေသည့်ကျေးရွာ ၁၇၁ ရွာတွင် ၁၀၀ ကျော်မှာ အကူညီမရရှိဘဲ သောက်ရေနှင့် စားနပ် ရိက္ခာများပြတ်လပ်မှုများပင်ရှိနေကြောင်း သိရသည်။

မိုးဗြဲဆည်အနီးရှိ လွိုင်ကော် ဒီးမော့ဆိုဘက်တွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိကာ မိုးဗြဲဆည်ဖောက်ချမည်ဆိုပါက ဆည်အောက်ဘက်ရှိ ကျေးရွာများ ယခုထက်အခြေအနေ ပိုမိုဆိုးရွား နိုင်ကြောင်း ကရင်နီစစ်ရှောင်များကို ကူညီနေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် ချောင်းရေမြင့်တက်လာပြီး ရေစီးနှင့်အတူ ၁၈ ဦးခန့် မျောပါသွားကာ ရုပ်အလောင်း ၁၀ လောင်း ပြန်လည်တွေ့ရှိထားကြောင်း ဒေသခံများထံက သိရသည်။

အင်းလေးဒေသတွင် ကျေးရွာအုပ်စု ၃၅ အုပ်စုရှိကာ ကျေးရွာပေါင်း ၄၄၅ ရွာရှိပြီး ထိုအထဲမှ ကျေးရွာ ၁၇၁ ရွာ ရေနစ်မြုပ်နေခြင်းဖြစ်‌သည်။

ယခုတစ်ပတ်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကို ရှမ်းတောင်ရှိ ဆီဆိုင်၊ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ နမ့်စန်၊ မိုးနဲ၊ မိုင်းကိုင်၊ မိုင်းပွန်၊ လဲချား၊ ဟိုပုံးနှင့် ရှမ်း ရှေ့ရှိ တာချီလိတ်၊ ကျိုင်းတုံတို့တွင်လည်း အဆိုးရွားဆုံးရင်ဆိုင်နေရကြောင်း သိရသည်။

ပုံစာ-အင်းလေးရှိ နှစ်ထပ်နေအိမ်များ ရေနစ်မြုပ်နေသည့်မြင်ကွင်း

#ရှမ်းတောင် #တောင်ကြီး #အင်းလေး #ကျေးရွာ၁၇၁ရွာ #နှစ်ထပ်အိမ် #ရေနစ်မြုပ် #သေဆုံး #Ayeyarwaddy_Times