
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
ယာဂိမုန်းတိုင်းအကြွင်းအကျန် လေပွေလှိုင်းအရှိန်ဖြင့် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျ ချောင်းရေများကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပေါ်လာပြီး ထိခိုက်ပျက်စီးမှုများပြားကြောင်း သိရသည်။
မိုးအဆက်မပြတ်ရွာသွန်းလျက်ရှိသော စက်တင်ဘာ ၁၀ ရက်မှ ၁၄ ရက်အတွင်း နေပြည်တော် ကောင်စီနယ်မြေအပါအဝင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ် (တောင်နှင့်အရှေ့ပိုင်း) တို့တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၁၃ ဦးနှင့် ပျောက်ဆုံးသူ ၁၂၀ ရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
လက်ရှိချိန်ထိ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသတွင် ရေပြန်လည်ကျဆင်းမှုမရှိသေးဘဲ ဒေသခံများအတွက် ကူညီထောက်ပံ့ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများလိုအပ်နေပြီး ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်လည်း ဘီးလူးချောင်းရေလျှံမှုကြောင့် ရေကြီးရေလျှံနေကြောင်း ဒေသခံများထံက သိရသည်။
ယင်းပြင် ဆည်/တမံများအတွင်း ရေဝင်ရောက်မှုများပြီး ဆည်ရေပြည့်မှတ်ကျော်လွန်ကာ ရေပိုလွှဲမှ ရေပမာဏထုထည်များများဖြင့် ကျဆင်းမှုကြောင့် ရေလွှမ်းမိုးမှုကို ပိုမိုဖြစ်ပေါ်လာစေကြောင်း သိရသည်။
နေပြည်တော်နယ်မြေအတွင်းရှိ ကင်းသာချောင်းအတွင်း တောင်ကျရေများအလုံးအရင်းဖြင့် ဝင်ရောက် လာကာ ဧက ၇၂ ပေသိုလှောင်နိုင်ချိန်တွင် ၁၂ ဆပိုသည့် ရေများဝင်ရောက်လာပြီး တမံထိခိုက်မှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
ရုတ်တရက်ရေကြီးမှုကြောင့် မန္တလေးတိုင်း၊ ရမည်းမြို့နယ်၊ မိုးမိမိုးထိရွှေတူးဖော်ရေးလုပ်ငန်း တောင်ခြေရှိ သပြေပင်ရွာမှာ ရွာလုံးကျွတ်နစ်မြုပ်သွားခြင်းအပြင် တပ်ကုန်းမြို့အတွင်းရှိ ကျေးရွာ အချို့တွင်လည်း ရေနစ်မြုပ်မှုများရှိကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်တွင် ကျေးရွာ ၅၃၁ ရွာတွင် ရေကြီးရေလျှံခြင်း၊ လူနေအိမ် ၇၉,၇၄၅ အတွင်းသို့ ရေဝင်နစ်မြုပ်ခြင်း၊ စာသင်ကျောင်း ၃၇၅ ကျောင်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်းပါဝင်ပြီး ရေကြီးရေလျှံမှုကြောင့် တံတား ၂၅ စင်း၊ ဆည်/တမံငါးခုနှင့် ဘုရားစေတီလေးဆူပျက်စီးကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
ယင်းပြင် အခြေခံအဆောက်အအုံ မော်တော်ကားလမ်း၊ မီးရထားလမ်းအပါအဝင် လျှပ်စစ်မီးတိုင် အချို့ပျက်စီးမှုနှင့် အင်တာနက် ဆက်သွယ်ရေးလမ်းကြောင်းများ ခက်ခဲနေကြောင်းသိရသည်။
ရေကြီးရေလျှံမှုများသည် အထက်ပါဖြစ်စဉ်များအပြင် မြစ်၊ချောင်းများ၏ ရေဝေရေလဲဧရိယာတွင် သစ်တောပြုန်းတီးမှုနှင့် တရားမဝင်သစ်ခိုးထုတ်မှုများကြောင့် သစ်တောဖုံးလွှမ်းမှုလျော့နည်းကာ မြေဆီလွှာတိုက်စားမှုပိုဖြစ်စေကြောင်းသိရသည်။
ဓာတ်ပုံ – MFS
#ရေကြီးရေလျှံမှု #ထိခိုက်ပျက်စီးမှုများပြား #Ayeyarwaddy_Times