
မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
နိုင်ငံတစ်ဝန်း ရေကြီးမှုဖြစ်စဉ်တွင် စစ်ကောင်စီ၏ကယ် ဆယ်ရေးလုပ်ငန်းတွေကို မီဒီယာများက မှေးမှိန်အောင် လုပ်ဆောင်နေသည်ကို နည်းမျိုးစုံတွေ့ရကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးတာဝန်ခံ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုနှင့် ကူညီကယ်ဆယ်ရေးလုပ်များ ဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ပြည်သူလူထုကို ကျွန်တော်အသိပေးပြောကြားလို တာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လိုဖျက်ဆီး လုပ်နေသူတွေဟာ ကျွန်တော်တို့ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လျစ်လျူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့တွေ့ရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့အပြင် မီဒီယာများသည် ကောလာဟလနှင့် ပြည်သူကို ပိုမိုစိုးရိမ်ထိတ်လန့်အောင် ဆောင်ရွက် နေကြသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပြောဆိုထားသည်ကို တွေ့ရသည်။
နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီနှင့်၎င်း၏ လက်အောက်ခံ အချို့မှာမူ အမှန်တကယ်ရေကြီး၍ အိမ်များနစ်မြုပ်ပြီး ကူညီကယ်ဆယ်ရန် လိုအပ်နေသည့်နေရာများတွင် ကယ်ဆယ်ရေးလုပ်ဆောင်သည်ကို တွေ့ရှိရခြင်းမရှိဘဲ ရေနစ်မြုပ် နေသည့် စစ်အရာရှိများနေထိုင်ရာ နေရာတစ်ဝိုက်တွင်သာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီသည် ထို့သို့ ရေကြီးမြေပြိုမှုဖြစ်ပွားနေသော်လည်း ယမန်နေ့ စက်တင် ဘာ ၁၅ ရက်နေ့ ကလည်း နောင်ချိုမြို့ကို ပေါင် ၅၀၀ ဗုံးများကြဲချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့တွင်လည်း သီပေါမြို့နယ်သို့ ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရေဘေးအန္တရာယ် ရင်ဆိုင်နေရသည့်အချိန်တွင် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့များအပြင် စစ်ရှောင်စခန်းများ၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ၎င်းလက်လွှတ်လိုက်ရသည့် လားရှိုးရှိ အရပ်သားများ ကိုပစ်မှတ်ထား၍ ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဉ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကထုတ်ပြန်ထားသည်။
ယင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများကိုသာ အစဉ်တစိုက် ပြုလုပ်နေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျွန်တော်တို့အစိုးရအနေနဲ့ ကူညီကယ်ဆယ်မှုလုပ်ငန်းတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက် အကောင်းဆုံးနဲ့ အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
၎င်းကဆက်လက်ပြီး ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေ ရချိန်မှာ ကျွန်တော်တို့ရဲ့ စုစည်းအားကို ပြသကြဖို့လို အပ်ပြီး မိမိတို့ပြည်တွင်းအားနှင့် မိမိတို့၏ပေါင်းစည်း အားနှင့်သာ ဆောင်ရွက်ရမှာဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် နေ့က ရေကြီးသည့်ကိစ္စရပ်တွင် မီဒီယာများမှ ကောလာဟလလွှင့်သဖြင့် ဒေသခံများစိတ်အနှောင့် အယှက်ဖြစ်ရ ကြောင်း အပြစ်တင်ပြောဆိုထားသည်။
နေပြည်တော်ကောင်စီအတွင်း ဆည်ပေါင်း ၁၂ ခုနှင့် ရေလှောင်တမံ ၁၂ ခုရှိရာ ဆည်၊ တမံများ အခြေအနေ မှာ စိုးရသည့်အနေအထားမရှိဘဲ ကြံ့ခိုင်မှုများကို နေ့စဉ်စစ်ဆေးလျက်ရှိသည်ဟု ၎င်းကပြောဆိုခဲ့သည်။
သို့သော် နေပြည်တော်ရှိ ပေါင်းလောင်းဆည်နှင့် ငလိုက်တမံနှစ်ခုမှာ ရေကျော်နေပြီး ပေါင်းလောင်း ဆည်ရေပိုလွှဲမှ ရေကျော်စီးဆင်းနေပြီး ဆင်သေချောင်းမှာလည်း ပေါင်းလောင်းချောင်းသို့ စီးဝင်မှု မြင့်မားခြင်းကြောင့် ရေများမြင့်တက်ခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက စစ်တပ်ထောက်ခံ မီဒီယာအချို့ကို ဖြေကြားထားသည်။
စစ်ကောင်စီက ယင်းသို့ ပြောဆိုခဲ့သော်လည်း နေပြည်တော်နယ်မြေ တပ်ကုန်းမြို့နှင့် မြို့နယ်အချို့တို့ တွင် ရေကြီးရေလျှံ မှုနှင့် မြေပြိုမှုများကြောင့် နေအိမ်များနစ်မြုပ်ကာ လူသေဆုံးမှုများပင်ရှိခဲ့သည်။
#စစ်ကောင်စီ #ဒုချုပ်စိုးဝင်း #ဗိုလ်ချုပ်ဇော်မင်းထွန်း #မီဒီယာများ #ရေဘေး #ကောလာဟလလွှင့် #စွပ်စွဲ #Ayeyarwaddy_Times