ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ရက်

ရှမ်းမြောက်၊ တအာင်းတပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ Y-12လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၁၆ ရက်နေ့ နံနက် ၉နာရီမှ ၁၀ နာရီအထိ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး သီပေါမြို့ အနောက်ရပ် ရပ်ကွက်နှင့် စင်မာလာပြည်သူ့ဥယျာဥ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း တအာင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ထားသည်။

ရပ်ကွက်အတွင်း ဗုံးများကျရောက်ပေါက်ကွဲမှုကြောင့် ထိုရပ်ကွက်ရှိ လူနေအိမ်များ ပျက်စီးခဲ့သည့် အပြင် ဒေသခံတစ်ဦး ဗုံးစထိမှန်ကာ သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၅ရက် ည ၉နာရီ ၁၆မိနစ်ကလည်း စစ်ကောင်စီ တပ်စွဲထားသည့် တပ်စခန်းမှ လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သီပေါမြို့ ဇတ်စုရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသလို ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိသည်ဟု TNLAက ဆိုသည်။

ဓာတ်ပုံ-TNLA
#ရှမ်းမြောက် #သီပေါ #စစ်ကောင်စီ #ဗုံး၅၀ကျော် #ကြဲချ #ပြည်သူသေဆုံး #Ayeyarwaddy_Times