
ဗွီအာတီ/ ဧရာဝတီတိုင်းမ်
(မူဆယ်)၊ ဩဂုတ်လ ၁၃ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ စက်သုံးဆီအရောင်းဆိုင်များတွင် ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ဓာတ်ဆီပြတ်လပ်နေပြီး လမ်းဘေးဈေးဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ၅၀၀၀ ကျပ်အထိ ပေးဝယ်နေရကြောင်းဒေသခံများထံမှ သိရသည်။
မူဆယ်မြို့နယ်တွင် ဓာတ်ဆီဈေးနှုန်းမြင့်တက်လာပြီးနောက် အကန့်အသတ်ဖြင့်သာ ရောင်းချပေးရာမှ လက်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီများပျက်လပ်သည့်အထိ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။
“မနက်တုန်းကတော့ တစ်ချို့ ဆီဆိုင်တွေမှာ တန်းစီပြီး ဝယ်ယူလို့ ရသေးတယ်၊ နေ့လည်ပိုင်းမှာတော့ ဓာတ်ဆီဆိုင်တွေမှာ လုံးဝဝယ်လို့ မရတော့ဘူး၊ လမ်းဘေးဈေးဆိုင်တွေမှာ ပုလင်းထောင်ပြီး ရောင်းကြတာ၊ တစ်ပုလင်းကို ၅၀၀၀ ကျပ်နှုန်းနဲ့ ဝယ်ယူနေရတယ်”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခင်တရုတ်နိုင်ငံဘက်မှ စက်သုံးဆီများကို နယ်စပ်ဂိတ်မှတစ်ဆင့် အနည်းငယ်တင်သွင်းမှုရှိသော်လည်း လက်ရှိတွင် တရုတ်နိုင်ငံဘက်က ပိတ်ပင်ထားသည်ဟု ဒေသခံအချို့ကဆိုသည်။
နယ်စပ်ဒေသတွင် ဓာတ်ဆီပျက်လပ်မှုကြောင့် ကုန်သွယ်ရေးလည်း ထိခိုက်နစ်နာကာ ဒေသခံပြည်သူများခရီးသွားလာရာတွင် အခက်အခဲကြုံတွေ့ရခြင်းကြောင့် ဒေသခံပြည်သူများကြားစိုးရိမ်မှုမြင့်တက်နေကြသည်။