အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ သြဂုတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင်ဖြစ်သူ ကိုဝေမိုးနိုင်အား စစ်ကောင်စီမှ ယမန်နေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း မုံရွာမြို့ခံနိုင်ငံရေးတတ်ကြွလှုပ်ရှားသူများထံမှသိရသည်။

” မနေ့က သူ့ကို ၅၀၅ အမှု ၅ ခုနဲ့ ထောင်ဒဏ် ၁၀ နှစ်ချလိုက်တယ်။ လူသတ်မှု၊ ဓားပြမှု၊ ဒလန်ရှင်းလင်းမှုတွေအတွက်လည်း ဆက်ပြီးတရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ရုံးချိန်းတိုင်းမှာလည်း သူကျူးလွန်တာမဟုတ်ဘူးလို့ ပြောတယ်လို့ သိရတယ်” ဟု မုံရွာမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကိုဝေမိုးနိုင်ကို ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက အိမ်စီးကားနဲ့တိုက်၍ အကြမ်းဖက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏မိတ်ဆွေအချို့က ဆိုသည်။

ကိုဝေမိုးနိုင်မှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် ၁ နှစ်နှင့် ၄ လအကြာတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူသတ်မှု၊ ဓားပြမှု၊ ဒလန်ရှင်းလင်းမှုများအတွက် ဆက်လက်တရားရင်ဆိုင်နေရဆဲဖြစ်ကြောင်း မုံရွာမြို့ခံနိုင်ငံရေးတတ်ကြွလှုပ်ရှားသူများထံမှသိရသည်။

ဓာတ်ပုံ – တွစ်တာ