ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ဖမ်းဆီးထားသည့် ဓားစာခံများထဲမှ အချို့ကို ပစ်ခတ်သတ်ဖြတ်နေကြောင်း သိရသည်။

ယမန်နေ့ စက်တင်ဘာ ၁၄ရက် ည ၈နာရီဝန်းကျင်အထိ ဆိုင်းတောင်တွင် နှစ်ဖက်ပစ်ခတ်နေသည့် လက်နက်ကြီး၊လက်နက် ငယ်သံများဆူညံနေပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများ ထံက သိရသည်။

စစ်ကောင်စီက Lucky Man Hotel အတွင်း ဖမ်းဆီးထားသည့်ဓားစာခံများကို ပစ်ခတ်သတ်ဖြတ်နေပြီး ဟိုတယ်ရှေ့ဖြတ် သန်းသွားလာသူများကိုပါ စနိုက်ပါဖြင့် ပစ်ခတ်သတ်ဖြတ်သည့်အတွက် အလောင်း များကိုပင် သွားရောက်ကောက်ယူမှုမပြုနိုင်သေးကြောင်း သိရသည်။

“အဖမ်းခံထားရတာ ၂၀၀နီးပါးရှိမယ်။ နေ့တိုင်း လက်ပြန်ကြိုးတုတ်ပြီး ဟိုတယ်ရှေ့နေလှမ်းပြီး ရိုက်နှက် နှိပ်စက်တယ်။ ပြီးတော့ စစ်တပ်က မူးယစ်ဆေးစွဲနေတဲ့လူတွေနဲ့ တပ်သတင်းပေးတွေကို ဟိုတယ် ဝန်းကျင်နဲ့ ရပ်ကွက် (၄) ထဲမီးလိုက်ရှို့ခိုင်းတယ်” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

KIA သည် ဆိုင်းတောင်ရဲစခန်းကို ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက်နေ့တွင် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် စက်တင်ဘာ ၁၃ရက်နေ့က မူးယစ်ဆေးစွဲနေသူများကို ဆိုင်းတောင် ကျေးရွာရှိ ရပ်ကွက်များအတွင်းဝင်ရောက်၍ နေအိမ်များကို ဖောက်ထွင်းပြီး မီးရှို့ရန် ခိုင်းစေခဲ့သည်။

အဆိုပါ မီးရှို့ဖျက်ဆီးသူများကို KIA က လိုက်လံဖမ်းဆီးရာ ၄၀ ဦးခန့်ဖမ်းဆီးရမိပြီး ၎င်းတို့ကို ဆိုင်းတောင် ရွာအပြင်သို့မောင်း ထုတ်ခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ရွာ ရပ်ကွက် (၄) ရှိ‌နေအိမ်များမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သူများကြောင့် ၃ပုံ ၂ပုံခန့် ပျက်စီးသွားပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်နေ့က ဆိုင်းတောင်ရွာအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း ၃ကြောင်းခွဲ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- အောင်ဇော်မိုး ဖားကန့်
ပုံစာ- မီးလောင်ပျက်စီးသွားသည့် ဆိုင်းတောင် ရပ်ကွက် ၄၊ မီးရှို့သူများကို KIAဖမ်းဆီးလာစဉ်၊ Lucky Man Hotel ရှေ့ စစ်ကောင်စီက ဓားစာခံများကို လက်ပြန်ကြိုးတုပ် အပြင်ထုတ်ထားစဉ်
#ဖားကန့် #ဆိုင်းတောင် #စစ်ကောင်စီ #ဓားစာခံများ #သတ်ဖြတ် #Ayeyarwaddy_Times