
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရှမ်းတောင်၊ တောင်ကြီးမြို့နယ်၊ အင်းလေးကန်ရှိ ဖောင်တော်ဦးအပါအဝင် အင်းလေးဒေသရှိ ကျေးရွာ ပေါင်း ၂၀၀ နီးပါး ရေနစ်မြုပ်နေပြီး အကူအညီများလိုအပ်နေကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် အင်းလေးဖောင်တော်ဦးဘုရားအထိ ရေများမြင့် တက်လာပြီး ကျေးရွာပေါင်း ၂၀၀ နီးပါး ရေနစ်မြုပ်ကာ ဒေသခံများ ရေဘေးသင့်ကာ အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
“ရေက ၉ ရက်နေ့လောက်ကစပြီး တအိအိတက်လာတာ။ အခြားဒေသတွေလို တရှိန်ထိုးတက် တာမဟုတ်ဘူး။ ပြန်ကျရင်လည်း မမြန်ဘူး လချီကြာတာ။ အင်းလေးမှာ ရေဘေးသင့်ပြီဆိုရင် ပိုဆိုးတယ်။ အင်းထဲကအိမ်တွေ ခေါင်တွေပါမြုပ်ကုန်ပြီ။ ခုဘုန်းကြီး ကျောင်းအပေါ်ထပ်မှာ စုနေနေကြတာ။ အောက်ထပ်တော့ မြုပ်သွားပြီ။ သောက်သုံးရေ အဓိကပိုလိုအပ်နေပါတယ်။ ကူညီနိုင်သူများ ကူညီပေးဖို့ မျှော်လင့်ပါတယ်”ဟု အင်းလေးဒေသခံတစ်ဦးက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရေနစ်မြုပ်သည့် ကျေးရွာပေါင်း ၂၀၀ နီးပါးရှိပြီး ရေလွတ်သည့် ဘုန်းကြီးကျောင်းအပေါ် ထပ်များတွင် သွားရောက်ခိုလှုံနေကြပြီး လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများပါ ပြတ်တောက်နေပြီး ရေများထပ်တိုးလာသဖြင့် အကူအညီများလိုအပ်နေသည်ဟုဆို သည်။
အင်းလေးကန်အတွင်းက ဖောင်တော်ဦးဘုရားလည်း ရေနစ်မြုပ်နေပြီး နန်းပန်ဈေးနှင့် သာလေးကျေးရွာ အုပ်စု၊ ရွာမကျေးရွာ၊ သပြေပင်၊ တောင်ပို့နီ၊ ကေလာ၊ နန်းပန်၊ မိုင်းသောင်၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံ စသည့်ကျေးရွာအုပ်စုများအတွင်းမှ ရွာပေါင်း ၂၀၀ နီးပါး ရေနစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁၂ ရက်နေ့က အင်းလေးထဲက အင်းတိန်ချောင်းက ရုတ်ရက်ရေမြင့်တက်လာလို့ အင်းတိန်ရွာကို ရောက်နေတဲ့ စစ်ရှောင်မိသားစုတွေ ရေနဲ့မျောပါသွားတယ်လို့ကြားရတယ်” ဟုအင်းလေးဒေသခံက ဆိုသည်။
အဆိုပါ အင်းလေးကန်အတွင်းမှရေများမှာ အနည်းဆုံး နှစ်လမှ သုံးလခန့်အထိ ရေနစ်မြုပ်မှုဒဏ်ကို ဒေသခံများ အချိန်ကြာမြင့်စွာ ခံစားကြရပြီး ရေထွက်ပေါက်မှာ မိုးဗြဲဆည်ရေထွက်ပေါက်တခု သာရှိသည့် အတွက် လနှင့်ချီကြာမြင့်တတ်သည်ဟု ဒေသခံများထံက သိရသည်။
အလားတူ ရှမ်းတောင်၊ ကလောမြို့တွင် ရေကြီး ရေလျှံမှုဖြစ်ပွားကာ မြေပြိုမှုများကြောင့် လူနေ အိမ်များနှင့် ဆေးရုံများပါ နစ်မြုပ်ပြီး သေဆုံးသူ ၁၀၀ ခန့်ရှိလာပြီး ပျောက်ဆုံးသူအများအပြား ရှိကြောင်းနှင့် ရှာဖွေတွေ့ရှိသည့် ရုပ်အလောင်းများ ထပ်တိုးနိုင်သည်ဟုလည်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့မှစတင်ပြီး နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပွားကာ မြေပြိုမှုများကြောင့် သေဆုံးသူ ရာချီရှိနိုင်ကြောင်း ရေဘေးပရဟိတကယ်ဆယ်ရေးလုပ်ဆောင်နေသည့် အဖွဲ့တစ်ခုထံက သိရသည်။
ဓာတ်ပုံ- ယနေ့ စက်တင်ဘာ ၁၅ ရက်နံနက်တွင် တွေ့ရသည့် အင်းလေးကန်ရှိ ဖောင်တော်ဦးဘုရားနှင့် အင်းလေး ဒေသရှိ ရေမြုပ်နေအိမ်များ
#ရှမ်းတောင် #အင်းလေး #ဖောင်တော်ဦး #ရေကြီး #နစ်မြုပ် #ရွာပေါင်း၂၀၀ #အကူအညီလိုအပ် #Ayeyarwaddy_Times