
မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များကို စစ်သင်တန်းတက်ရောက်ရန်အတွက် စစ်ကောင်စီက လာရောက်ခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ခရမ်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး များကို စစ်သင်တန်းတက်ရန် လာခေါ်ဆောင်သွားခြင်းဖြစ်သည်။
“ရပ်ကွက်အသီးသီးက ရာအိမ်မှူးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို ခေါ်သွားကြတာပါ။ တစ်ရပ်ကွက်ကို ရာအိမ်မှူး တစ်ဦးစီနဲ့ အုပ်ချုပ်ရေးမှူးတွေပါသွားတယ်။ အသက်ကြီးပိုင်းတွေ မပါဘူး။ တစ်ရပ်ကွက်မှာ ရာအိမ်မှူး နှစ် ယောက်ရှိရင် တစ်ယောက်ကတော့ ကျိန်းသေလိုက်ရတယ်” ဟု နယ်မြေခံသတင်း မီဒီယာဖြစ်သည့် ခရမ်းချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ခရမ်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၃ ခုရှိပြီးခေါ်ဆောင်ခံရသူ ၂၆ ဦးရှိကာ ကျေးရွာ အုပ်စုများနှင့်ပါဆိုလျှင် စုစုပေါင်း ၄၀ နီးပါးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။
ခရမ်းမြို့နယ်နှင့် သန်လျင်မြို့နယ်ရှိ ဒေသခံပြည်သူများကို စစ်သင်တန်းတက်ရောက်ရန် ခေါ်ဆောင် ရာတွင် အများအားဖြင့် သန်လျင်ရေတပ်စခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ရာ ယခုတွင်လည်း အဆိုပါရေ တပ်စခန်းသို့ပင် ခေါ်ဆောင်သွားခြင်းဖြစ်မည်ဟု ဆိုသည်။
“ဒီနေ့မနက်ပိုင်းမှာ အားလုံးကိုခေါ်သွားပြီး တစ်လတိတိစစ်သင်တန်းတက်ရမယ်လို့ သိရတယ်။ ပြန်ရောက်ရင် လက်ရှိစစ်ကောင်စီက ခန့်ထားတဲ့ နေရာတွေပြန်ရမယ်လို့ ပြောတယ်”ဟုလည်း ၎င်းတာဝန်ရှိသူ ကဆက်ပြောသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် လများမှစ၍ ခရမ်းမြို့နယ်အတွင်းရှိ လူငယ်များကိုစစ်သင်တန်းတက်ရန် လစဉ်ခေါ် ယူမှုများရှိပြီး တစ်လလျှင် ၁၀ ဦးထိခေါ်ယူကာ ယနေ့ အချိန်ထိ ခေါ်ယူခံရသူ ၆၀ နီးပါး ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရသူ လူငယ်တချို့မှာ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေပြီး အချို့မှာ စစ်ရေးပြင်ထန်နေသည့် ရခိုင်နှင့် ရှမ်းပြည်နယ်ဘက်တွင် ကျဆုံးမှုများရှိကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရကြောင်း ခရမ်းချန်နယ်မှ တာဝန်ရှိသူက ဆိုသည်။
ပုံဟောင်း
#ရန်ကုန် #ခရမ်း #ရပ်ကွက်ကျေးရွာ #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #စစ်သင်တန်းတက်ရောက် #ခေါ်ဆောင်ခံရ #Ayeyarwaddy_Times