ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

မြန်မာပြည်အလယ်ပိုင်း ရေကြီးမှုဖြစ်စဉ်နောက် ဆက်တွဲအဖြစ် စစ်တောင်းမြစ်ဝှမ်းဒေသ အုတ်တွင်း၊ မြစ်သားမြို့များတွင် ရေကြီးမှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ မဒေါက် နှင့် ရွှေကျင်မြို့အထက်နားရှိ စစ်တောင်းမြစ်ဘေး ကျေးရွာများအတွင်းသို့ ရေများစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

စစ်တောင်းမြစ်အထက်ပိုင်းရှိ မုန်းမြို့နှင့် မြစ်ဘေး ၁၅ မိုင်ပတ်လည်ရှိ ကျေးရွာများအတွင်း ယမန်နေ့ စက်တင်ဘာ ၁၄ ရက်နေ့မှစတင်ကာ ရေများစတင် ဝင်ရောက်လျက်ရှိပြီး မကြာခင်ရက်ပိုင်းအတွင်း မဒေါက် ရွှေကျင်မြို့များအထိ ရေများဝင်ရောက်နိုင် ကြောင်း ဒေသခံများထံက သိရသည်။

“မနေ့ကတော့ ရွှေကျင်မှာ ရှောင်ဖို့ လာကြေညာသွားတယ်။ ကလေးတွေလည်း ကျောင်းတွေကနေပြန် လွှတ်လိုက်တယ်”ဟု ရွှေကျင်ဒေသခံတဦးက ဧရာ ဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ဘွားအေစု၊ လက်ပံခုန်၊ ဒိုးတန်း၊ အင်းရှည်၊ ကျောက်စောင်း၊ ညောင်ပင်ဆိပ်၊ ငထွေစုတ်၊ ရွာမကြီး၊ ထွနီကုန်း၊ မြပဲခူးကရင်ရွာ၊ အေးရွာလေး၊ ရေလဲရွာ၊ ငနွားဆိပ်ရွာ၊ အုန်းပင်စု၊ ဥသျှစ်ကုန်း၊ ရေတွင်းကုန်းကြီး၊ နတ်သံကွင်း၊ ဒေါင်းမို့၊ ဖိုးတရွာ၊ သောင်ပုရွာ၊ အင်းတိုင်ကုန်း၊ ကျောက်စရစ် မြို့ဟောင်း၊ ပျဉ်းမပင်၊ တလိုင်းခင် စသည်တို့တွင် ယမန်နေ့ စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ ရေများဝင်ရောက်လာကြောင်း သိရသည်။

ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ယမန်နေ့ ညပိုင်းတွင် ကျောက်တံခါးရှိ ကညင်ကျိုးတာကို ရေကျော်ရန် နှစ်ပေခန့်သာလိုတော့ကြောင်း သိရပြီး အင်းပလာ၊ ပျဉ်ရေ၊ ချောင်းကျိုး၊ မဒေါက်၊ ရွှေကျင်နှင့် အောက်ဘက်ပိုင်းဒေသများ အထူးသတိထားရန် လိုအပ်ကာ မဒေါက်၊ ရွှေကျင်မှ ဒုံဇရစ်၊ ကွမ်းဆိပ်၊ သိမ်ဇရပ်အထိ ရေများတက်လာနေကြောင်း သိရသည်။

မိုးဇလ၏ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းအချိန် ထုတ်ပြန်ချက်တွင် စစ်တောင်းမြစ် ရေသည် မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၂ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက် အတွင်း ၄ လက်မခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

#ပဲခူး #မဒေါက် #ရွှေကျင် #စစ်တောင်းမြစ်ကျေးရွာများ #ရေစတင်ဝင်ရောက် #Ayeyarwaddy_Times