
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ ၊ ဗိုလ်စောမောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ရက်နေ့ ညပိုင်းက ဆိုင်ကယ်ကျော်တက်မောင်းရာမှ ခိုက်ရန်ဖြစ်ပွားပြီး လူငယ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။
” ည ၁၂ နာရီလောက် ဖြစ်ကြတာ။ ဓားနဲ့အထိုးခံရတဲ့သူက ဟင်္သာတမြို့ကမဟုတ်ဘူး ညဘက်သောက်စားထားတဲ့အရှိန်တွေနဲ့ လူသတ်မှုတွေဖြစ်ကုန်တာ။ ဓားနဲ့ထိုးတဲ့ ကောင်လေးကိုလည်း မိသွားပြီ”ဟု မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
သေဆုံးသွားသူမှာ ဟင်္သာတမြို့နယ် ၊ခေါင်းဆေးကျွန်းကျေးရွာအုပ်စုတွင် နေထိုင်သည့် အသက်(၃၅)နှစ်အရွယ်ရှိ ကိုရန်နိုင်ထွန်းဆိုသူဖြစ်ပြီး ဓားဖြင့်ထိုးသူမှာ တာကြီးတန်းလမ်း၊ ရွှေကူရပ်ကွက်တွင်နေထိုင်သည့် ကိုဟိန်းမင်းထွေးဆိုသူဖြစ်ကာ ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲနှင့်နီးစပ်သူများထံက သိရသည်။
ဟင်္သာတမြို့တွင် ရဲနှင့်စစ်ကောင်စီတပ်များမှ လုံခြုံရေးယူထားသော်လည်း လုံခြုံမှုမရှိပဲ ညစဉ်ခိုက်ရန်ဖြစ်ပွားမှုများဖြစ်နေသည့်အပြင် လူသတ်ပြီးဆိုင်ကယ်လုယူခြင်းနှင့် ဓားထောက်လုယက်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး တရားခံဖမ်းဆီးရမိသည်ဟု မကြားမိသေးကြောင်း ဒေသခံများက ဆိုသည်။
#ဟင်္သာတမြို့ #ဆိုင်ကယ်ကျော်တက်မောင်း #လူသတ်မှုဖြစ်ပွား #Ayeyarwaddy_Times