ဧရာဝတီတိုင်းမ်
(ပေါင်းတည်)၊ စက်တင်ဘာ ၁၅ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းမှ စစ်ကောင်စီတပ်ဖွဲ့များကို ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁) ၊ PPDFတပ်ရင်း၊ တပ်ခွဲ-၁ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သစ်ပုတ်ကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းမှ အင်အား ၇၀ ပါစစ်ကြောင်းမှာ ရိက္ခာသယ်ယူအပြီး စခန်းသို့ပြန်လာစဉ် သစ်ပုတ်ကျေးရွာ နှင့် ပြန်ချီတက်ရွာ အကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“သူတို့ကသစ်ပုတ်တာဝါတိုင်ကနေပြန်ချီတက်ရွာဘက်ကို ရိက္ခာဆင်းဝယ်တာပေါ့။ ဝယ်တဲ့ဟာကို ကျွန်တော်တို့ကမိုင်းဆွဲတိုက်ခိုက်လိုက်တာပေါ့။ မိုငိးရှစ်လုံးကို နှစ်ကြိမ်ဆွဲပြီးတိုက်ခိုက်တယ် လဲကျသွားတာတော့ တော်တော်များများ လဲကျသွားတာတွေ့ရတယ်။ သေဆုံးသွားတဲ့အလောင်းတွေနဲ့ဒဏ်ရာရရှိသူတွေကို မွန်းတည့် ၁၂ နာရီလောက်မှာ သစ်ပုတ်ရွာဘက်ကို ပြန်ခေါ်သွားတာတွေ့ရတယ်” ဟု ၃၆၀၁- PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သစ်ပုတ်ကျေးရွာ စစ်ကောင်စီစခန်းမှာ အင်အား ၁၀၀ ဝန်းကျင်ဖြင့် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကြီး တစ်ခုဖြစ်ပြီး အနီးအနားရှိ ကျေးရွာများကို လှည့်လည်မီးရှို့နေသည့် ကျေးရွာတစ်ခုဖြစ်ပြီး ပြန်ချီတက်ရွာမှာ မီးရှို့ခံရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်နေ့ကလည်း အဆိုပါသစ်ပုတ်စခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်းထံက သိရသည်။

ဓာတ်ပုံ – ပေးပို့

#ပေါင်းတည် #သစ်ပုတ်စစ်ကောင်စီစခန်း #မိုင်းဆွဲတိုက်ခိုက်ခံရ #PPDF #Ayeyarwaddy_Times