
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ စက်တင်ဘာ၁၅ ရက်)
ပျော်စရာတွေ ကင်းမဲ့နေခဲ့တာ ကြာပြီဖြစ်တဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်ဘေးဒဏ်ကြောင့်အပြင် ယခုအခါ ရေဘေးကိုပါ ယှဉ်တွဲခံစားနေရပါတယ်။ ရေလွှမ်းမိုးနစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးသွား သူများရှိသလို ရှင်သန်ကျန် ရစ်နေကြသူတွေမှာလည်း ဒုက္ခပင်လယ် ဝေနေမယ်ဆိုတာ မလွဲမသွေပါပဲ။
ပြန်လည်ထူထောင်ဖို့နဲ့ အသက်ရှင်သန်ဖို့အတွက် ပိုက်ဆံကို ခက်ခက်ခဲခဲရှာဖွေနေရပေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေကတော့ ရှားပါးသည်ထက် ရှား ပါးနေပါတယ်။ အဲ့ဒီလို အခြေအနေမှာ ပြည်သူတွေဟာ သူ့တို့ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ထုတ်ယူခြင်းခံရတဲ့ သားကောင်တွေ ဖြစ်သွားရပါတော့တယ်။
ဆင်းရဲတဲ့နိုင်ငံမှာ လူလာဖြစ်ရတာ ကံဆိုးပါတယ်။ လူသားတစ်ယောက်အခွင့်အရေးကို တန်ဖိုးထား စောင့်ရှောက်ပေးတဲ့ အစိုးရမျိုးမရှိတော့တာကြောင့်လည်း ကိုယ့်နိုင်ငံသားတွေဟာ အနိုင်ကျင့်ခံနေရ ပါတယ်။
ကျောက်ကပ်အစားထိုးကုသဖို့အတွက် ကျောက်ကပ်တစ်လုံး လိုအပ်နေကြတဲ့သူတွေ ကမ္ဘာအနှံ့မှာ အများအပြားရှိကြပါတယ်။ ကိုယ်အင်္ဂါရောင်းဝယ်ခြင်းက အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ ဈေးကွက် ကြီးကြီး မားမားရှိနေပါတယ်။ ဆင်းရဲကျပ်တည်းမှုကြောင့် ကိုယ်ရဲ့ခန္ဓာကိုယ်က ကျောက်ကပ်တစ်လုံး ကိုထုတ်ပြီး ဈေးပေါပေါနဲ့ရောင်းနေရတဲ့ အဖြစ်အပျက်တွေဟာ မြန်မာနိုင်ငံသားတွေမှာ ရှိလာနေပြီ ဖြစ်ပါတယ်။
#မြန်မာနိုင်ငံနှင့်ကိုယ်အင်္ဂါရောင်းဝယ်ခြင်း
မြန်မာ့ဓလေ့အရ သွေးလှူခြင်း၊ ကိုယ်အင်္ဂါလှူခြင်းတွေက ခေတ်အဆက်ဆက် ရှိခဲ့ပါတယ်။ သွေးရဖို့ သွေးကို ဝယ်စရာမလိုဘဲ အခမဲ့ အချင်းချင်း မျှဝေပေးတဲ့ ချစ်စရာကောင်းတဲ့ လူသားတွေ ရှင်သန်ရာ နိုင်ငံဖြစ်ပါတယ်။ ကိုယ်အင်္ဂါအစားထိုးဖို့ လိုအပ်တဲ့ ကျောက်ကပ်ကို ဖြုတ်လှူဖို့လည်း ဝန်မလေးတဲ့သူတွေ အများကြီးရှိတဲ့ နိုင်ငံလေးတစ်ခု ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စီးပွားပျက်၊ အလုပ်အကိုင်ရှာပါးပြီး ဆင်းရဲကျပ်တည်းလာသူ အချို့ဟာ မိမိခန္ဓာကိုယ်က ကျောက်ကပ်ကိုပင် ထုတ်ရောင်းပြီး ဝမ်းရေးဖြေရှင်းဖို့အတွက် လုပ်ဆောင်လာကြပါတယ်။ အခုလိုခေတ်ပျက်မှာ ကျောက် ကပ်ဖြုတ်ယူဖို့အတွက် ရိုးသားရိုးအတဲ့ တောသူ တောင်သားတွေကို ချဉ်းကပ်ပြီး ကျောက်ကပ် လိုက်ဝယ်နေကြတာဟာ ငွေကျပ်သိန်းတစ်ရာ ဝန်းကျင်ဖြင့် အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။
အမေရိကန်ဒေါ်လာ နှစ်ထောင်ပင် မပြည့်တဲ့ ပမာဏနဲ့ သူတစ်ပါးရဲ့ခန္ဓာကိုယ်က ကျောက်ကပ်ကို မတန်မဆ ဈေးနှိမ်ပြီး ယူချင်နေကြတဲ့ လောဘရဲ့ သား ကောင်တွေရဲ့လုပ်ရပ်ဟာ ဈေးထဲမှာ ကြက်ဝက် ကလီစာ ဝယ်သလို လူအချင်းချင်းတန်ဖိုးမထားတဲ့ အနိုင်ကျင့်တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။
ဆင်းရဲမွဲတေလွန်းတာကြောင့် ရွေးချယ်စရာမရှိဘဲ ကျောက်ကပ်ကိုသာထုတ်ရောင်းဖို့သာ ဆုံးဖြတ် ခဲ့ရတယ်ဆိုတဲ့ ကိုယ့်နိုင်ငံသားတွေရဲ့ စကားတွေကို ပြန်ကြားရတာဟာ တကယ့်ကို ရင်နာစေ ရင်နင့်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ကျောက်ကပ်ထုတ်ရောင်းမယ့်သူတွေဟာ ပွဲစားအကူ အညီနဲ့ အိန္ဒိယကိုသွားပြီး ကျောက်ကပ်ခွဲစိတ်ဖြတ်တောက်ခံယူရပါတယ်။
ကိုယ်လက်အင်္ဂါရောင်းဝယ်ခြင်းကို အိန္ဒိယနိုင်ငံတရားဥပဒေအရ ခွင့်ပြုထားခြင်းမရှိတာမို့ ကျောက် ကပ်လဲလှယ်ကုသတာဟာ တရားမဝင် အင်္ဂါအစားထိုးကုသမှု မြောက်တာကြောင့် တရားမဝင်မှောင်ခို ရောင်းဝယ်မှုဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက စာရွက်စာတမ်းအတုလုပ်မှုအပြင် အခြား ဥပဒေတွေနဲ့ပါ ငြိစွန်းနိုင်ပါတယ်။
#ကျောက်ကပ်ဖြတ်ထုတ်ထားသူ၏ကျန်းမာရေးပြဿနာများ
ကျောက်ကပ်ခွဲစိတ်ဖြတ်ထုတ်ခြင်းဆိုတာ အကြီးစားခွဲစိတ်မှုဖြစ်ပါတယ်။ ခွဲစိတ်မှုအတွင်း သွေးယို စိမ့်ခြင်း၊ ပိုးဝင်ခြင်းပြဿနာများကြောင့် ဆေးရုံမှာ ရက်ရှည်ကုသမှုမျိုး၊ သွေးသွင်းကုသမှုမျိုးအထိ လိုအပ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုပါက ဆေးရုံတွင် တစ်ညနှစ်ညသာထားပြီး အိမ်ဒါမှမဟုတ် တည်းခို ရာနေရာတွင်ပင် အနာကျက်သည့်အထိအနားယူရပါတယ်။
ကျောက်ကပ်ဖြတ်တောက်ထုတ်ယူပြီးသွားတဲ့အခါ ခန္ဓာကိုယ်မှာကျန်ရစ်ခဲ့သောတစ်လုံးတည်းသော ကျောက်ကပ်က သွေးပိုမိုစီးဆင်းရပြီး ဆီးများများ စွန့်ထုတ်ရသောကြောင့် တယ်လီဗေးရှင်းဓာတ်မှန် (အာထရာဆောင်း)ဖြင့်စမ်းသပ်လျှင် အရွယ် အစား ပိုမိုကြီးမားလာခြင်းကို တွေ့ရှိရပါတယ်။ ကျောက်ကပ်နှစ်လုံးစာအလုပ်ကို လက်ကျန်ကျောက်ကပ်တစ်လုံးထဲနဲ့သာ အလုပ်လုပ်ရတာကြောင့် သက်တမ်း တိုသွားစေပါတယ်။
ပုံမှန်ဆီးသွားနိုင်ခြင်းမရှိတော့ဘဲ ဆီးအထွက်နည်းခြင်းတွေ ဖြစ်သွားနိုင်ပါတယ်။ အခန့်မသင့်ပါက နာတာရှည်ကျောက်ကပ်ရောဂါ (end-stage renal disease -ESRD) ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ် အတွက်အရေးတကြီးလိုအပ်တဲ့ ပရိုတိန်း အသားဓာတ်တွေ ဆီးထဲမှာစွန့်ပစ်ခံရပြီး သွေးတွင်းအသား ဓာတ်တွေလျော့နည်းသွားတတ်ပါတယ်။
ခွဲစိတ်ထားတဲ့နေရာမှာ နာတာရှည်နာကျင်ခြင်းတွေကို ခံစားရတတ်ပါတယ်။ ကျောက်ကပ်တစ်လုံးတည်း ကျန်တာကြောင့် Erythropoietin သွေးအားဖြည့်ဟော်မုန်းထုတ်တာနည်းပြီး သွေးအား နည်းခြင်းတွေဖြစ်လာတတ်ပါတယ်။ အာရုံကြော ရောင်ရမ်းနာကျင်တာတွေလည်း ကြုံလာရတတ် ပါတယ်။
ကျောက်ကပ်လှူတော့မယ်။ ကျောက်ကပ်ရောင်းတော့မယ်ဆိုရင် သိထားရမယ့် အရေးကြီးကိစ္စတွေ ရှိပါတယ်။
ကျောက်ကပ်နှစ်ဘက်အစုံရှိတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ကျောက်ကပ်တစ်လုံးကို ဖယ်ရှားခံလိုက်ရပါ သက်တမ်းတိုသွားနိုင်ပါတယ်လို့ ဆေးပညာမှာမဖော်ပြထားပေမယ့် ရောဂါတွေဝင်လာနိုင်ခြေကတော့ တိုးလာပါတယ်။
ကျောက်ကပ်ပေးမယ့်လူက အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ရပါမယ်။ ကျောက် ကပ်နှစ်လုံးစလုံး ကောင်း ကောင်းမွန်မွန် အလုပ်လုပ်နိုင်ရပါမယ်။ကျောက်ကပ် ကိုမထုတ်ယူခင် တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးပြီး သွေးစစ်ဆီးစစ် နှလုံးကျန်းမာရေးအဆုတ်ကျန်းမာရေးစစ်ဆေးခြင်းတွေအပြင် အမျိုးသား ဖြစ်ပါက ဆီးကျိတ်စစ်ဆေးခြင်း အမျိုးသမီးဖြစ်ပါက ရင်သားစစ် ဆေးခြင်းတွေကို မဖြစ်မနေ ပြုလုပ်ရပါမယ်။ ဒီအဆင့်တွေအောင်မြင်ပြီးပါက ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်း ပေးရမယ့်သူအတွက် စိတ်ကျန်း မာရေးစောင့်ရှောက်မှုမေးခွန်းတွေဖြေဆိုရပါမယ်။
စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ အသင့်ဖြစ်ပြီဆိုပါမှသာ ကျောက်ကပ်ကိုထုတ်ယူပိုင်ခွင့်ရှိပါတယ်။
ယခုပြောပြထားတဲ့ အဆင့်ဆင့်တွေကို လုပ်ဆောင်ခြင်းမရှိဘဲ ကိုယ့်ရဲ့ကျောက်ကပ်ကိုထုတ်ယူမယ်ဆိုပါက မှောင်ခိုစျေးကွက်သာဖြစ်နေပါမယ်။ အခန့်မသင့်ရင် အဖမ်းခံရပြီး တည်ဆဲဥပဒေတွေနှင့် သူများနိုင်ငံမှာ အကျဉ်းချထားခြင်း ခံရနိုင်ပါတယ်။ ဒါကြောင့် ဂရုစိုက်ကြပါ။ ဆုံးဖြတ်ချက်ကိုလွယ်လွယ်ကူကူမချပါနဲ့။ တိုင်ပင်ပါ။ ဆွေးနွေးပါ။ အကောင်းဆုံးအဖြေအတွက် မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ကြပါစေ။
ခန္ဓာကိုယ်တစ်ခုမှာ နှစ်ခါထပ်မရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို ပေးလိုက်ရတာဖြစ်တာကြောင့် ကျောက်ကပ်ထုတ်ရောင်းခြင်းဖြင့် အနိုင်ကျင့်မခံရဖို့ကို သေသေချာချာဆင်ခြင်ပါ။ မြန်မာနိုင်ငံသားများ အားလုံး ဒုက္ခအပေါင်းမှလည်း လွတ်ကင်းကြပါစေကြောင်း ဆန္ဒပြုပေးပါတယ်။
နောက်တစ်ပတ်မှာတော့ သဘာဝဘေးအန္တရာယ်အတွင်း ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်းပါး ကို တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များအနေနဲ့ စောင့်မျှော် ပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျောက်ကပ်ဆိုတာ #ရောင်းသင့်တဲ့အင်္ဂါအစိတ်ပိုင်းလား #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေး အသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေး အသိပညာများ ရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)