နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ စစ်ကောင်စီ၏ လုံခြုံရေးဘန်ကာကို ကျဆုံးသွားသည့် ရဲဘော်တစ်ဦးအတွက် ဂုဏ်ပြုဖော်ဆောင်သော စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံး ဦး စိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း GOD’S HAND FORCES (GHF) အဖွဲ့ထံက သိရသည်။

စစ်ကောင်စီ၏ ရွှေပြည်သာမြို့နယ်၊ ၁၄ လမ်းဆုံရှိ လုံခြုံရေးဘန်ကာကို ယနေ့ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်က ၎င်းတို့လာရောက် ကင်းချိန်းချိန်တွင် M 043 စစ်ဆင်ရေး တစ်စိတ်တစ်ဒေသအဖြစ် ဆဌမမြောက် GOD’S HAND FORCES (GHF) အဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီဘန်ကာဆီကို ပုံမှန် လူလာလဲတယ်။ သူတို့ ကင်းလာချိန်းချိန်မှာ လုပ်လိုက်တာပါ။ သုံးယောက်ကတော့ ထိသွားတယ်၊ မျက်မြင်ပဲ။ စိုးရိမ်ရတဲ့ အနေအထားတော့ ရှိတယ်။ နောက်ဆက်တွဲကိုတော့ မသိရသေးဘူး” ဟု GHF တာဝန်ခံ ဆရာကျောင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက ယင်းဝန်းကျင်ကို လမ်းများပိတ်ဆို့ ရှာဖွေစစ်ဆေးနေသော်လည်း GOD’S HAND FORCES ရဲဘော်များမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ်ခွာနိုင်ခဲ့ကြောင်း တာဝန်ခံ ဆရာကျောင်းက ဆက်လက်ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည် M 043 စစ်ဆင်ရေး၏ တစ်စိတ် တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင်မှုဖြစ်ကာ GHF ၏ မြို့ပြတွင် အာဏာသိမ်း စစ်ကောင်စီအနေနှင့် လုံးဝအုပ်ချုပ်ခွင့်မရ၊ ၎င်းတို့၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“M043 ကတော့ ရန်ကုန်မြေပြင်မှာ ကျဆုံးသွားတဲ့ ကျွန် တော်တို့ ရဲဘော်တစ်ဦးအတွက် အမှတ်တရအနေနဲ့ သူ့ ၁ နှစ်ပြည့်ကနေ စတင်ပြီး ဒီလိုမျိုး နာမည်ပေးဖြစ် လုပ် ဆောင်ဖြစ်တာပါ” ဟု GHF တာဝန်ခံ ဆရာကျောင်းက ဆိုသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွား လာကြရန် GOD’S HAND FORCES (GHF) အဖွဲ့က အသိပေး မေတ္တာရပ်ခံ အသိပေးထားသည်။

#ရွှေပြည်သာ #စစ်ကောင်စီဘန်ကာ #ကျဆုံးရဲဘော် #ဂုဏ်ပြုစစ်ဆင်ရေး #ဗုံးခွဲတိုက်ခိုက် #၃ဦးစိုးရိမ်ဒဏ်ရာရ #Ayeyarwaddy_Times