ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ရှမ်းပြည်နယ် ( တောင်ပိုင်း) ကလောမြို့နယ်ရှိ ရပ်ကွက် ၃ ခုပျက်စီးသွားပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူအရေအတွက် အတိအကျမသိရသေးသော်လည်း လက်ရှိတွင်သေဆုံးသူ ဆယ်ဂဏန်းထိရှိနေကြောင်း ဒေသခံများထံက သိရသည်။

ကလောချောင်းရိုးတစ်လျှောက်ရှိ ရပ်ကွက်များတွင် ပျက်စီးဆုံးရှုံးမှုများပြီး ရေစီးသန်မှုကြောင့် အိမ်အလုံးလိုက်ကျွတ်ပြီးမျောပါသွားမှုများရှိကြောင်း သိရသည်။

” ကလောကဒယ်အိုးပုံဆိုတော့ ‌တောင်ကျရေစုကျတာ။ချောင်းနဲ့နီးတဲ့နားမှာ မက်မန်းသီးလုပ်တဲ့အိမ်ဆိုသားသမိနှစ်ယောက်၊ အမေက သစ်ပင်မှာချိတ်နေပြီး သမီးကပါသွားတယ်။ အချို့ကလည်း ရာနဲ့ချီသေနိုင်တယ်လို့ ပြောနေကြတယ်” ဟု ကလောမြို့ခံတစ်ဦးက ပြောသည်။

ကလောမြို့တွင် ရပ်ကွက် ၁၁ ခုရှိပြီး အိမ်ထောင်စု ၄၁၄၃ စု၊ လူဦးရေ ၁၇၂၇၆ ရှိကြောင်းသိရသည်။

လက်ရှိတွင်ရေပြန်ကျသွားပြီး ရေစီးနှင့်အတူပါလာသော အမှိုက်များ၊ ရွံ့နွံများကိုသန့်ရှင်းရေးလုပ်နေကြောင်းသိရသည်။

” ​မီးပြတ်နေတယ်။ အင်တာနက်လိုင်းတွေပြတ်တယ်။ ဖုန်းက MPT တစ်မျိုးရတယ် ( လိုင်းမကောင်း) စာတိုပို့တာအဆင်ပြေတယ်။ သန့်ရှင်း​ရေးလုပ်ငန်း​တွေဒီ​နေ့မှစလုပ်ရတယ်။ ​ရေ​ဘေး​ကြောင့် ​ချောင်းရိုးတ​လျှောက် ရပ်ကွက်၃၊ ၄ ၊ ၂ ပျက်စီးသွားတယ်။ ​သေဆုံးသူ​တွေ ​ပျောက်ဆုံးသူ​တွေရှိအ​ရေအတွက်မသိရ​သေးဘူး ” ဟု ကလောမြို့ခံတစ်ဦးက ပြောသည်။

ကလောမြို့နယ်၊ ရပ်ကွက် ၂ ၊၃ ၊၄ အတွင်းရှိ အချို့နေရာများတွင်ရေကြီးရေလျှံမှုဖြစ်ပွားတတ်ပြီး ကလောချောင်း၏ မြောက်ဘက်ပိုင်းတွင် ချောင်းရေသည် ၁ ဒဿမ ၅ပေထိမြင့်တက်‌လေ့ရှိကြောင်း ၂၀၂၀ ပြည့်နှစ်ထုတ် ကလောမြို့ပြသွင်ပြင်လက္ခဏာစစ်တမ်းအရ သိရသည်။

အဆိုပါချောင်းရေသည် ၁၀ နှစ်တစ်ကြိမ် ခြောက်ပေအထိ မြင့်တက်လေ့ရှိပြီး ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိကြောင်း၊ ဒေသခံများက သဘာဝဘေးမည်သို့တုံ့ပြန်ရမည်ကိုမသိရှိဘဲ ဘေးလွတ်ရာဘုန်းကြီးကျောင်းပြေးမည်ဖြစ်ကြောင်း ယင်းစစ်တမ်းတွင်ဖော်ပြထားသည်။

ကလောမြို့တွင် သစ်တောပြုန်းတီးမှုများလာကာ တရားမဝင်သစ်ခုတ်ခြင်း၊ တရားမဝင်ကျုးကျော်နေထိုင်ခြင်းနှင့် စိုက်ခင်းများတိုးချဲ့ခြင်းတို့ပါဝင်ကြောင်း ၂၀၂၀ ပြည့်နှစ်ထုတ် ကလောမြို့ပြသွင်ပြင်လက္ခဏာစစ်တမ်းအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကလောမြို့ #ရေကျ #ပျက်စီးဆုံးရှုံးမှု #ကလောချောင်း #ရေကြရေလျှံ #ကလောမြို့ပြသွင်ပြင်လက္ခာစစ်တမ်း #Ayeyarwaddy_Times