
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ် (ဟားခါး) တို့ ယမန်နေ စက်တင်ဘာ ၁၃ ရက်၊ မနက် ၃ နာရီခန့်မှစ၍ မနက် ၅ နာရီအချိန်ထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင့် ဒေသခံများထံက သိရသည်။
အဆိုပါပစ်ခတ်မှုသည် ဟားခါးမြို့၊ ချင်းဦးစီးရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်နယ်အစိုးရရုံးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ် (ဟားခါး)မှ သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီပစ်ခတ်သည့် ကျည်ဆန်ကြောင့် ချင်းဦးစီးရပ်ကွက်မှ အသက် (၇၂) အရွယ် အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“မနက်အစောပိုင်းအိပ်ချိန်မှာ ပစ်ခတ်မှုဖြစ်တာပါ။ အရပ်သားတစ်ယောက်တော့ အိမ်ထဲအိပ်နေချိန်မှာ စစ်သားတွေပစ်တဲ့ ကျည်ဆန် ခေါင်းထိထားလို့ သေဆုံးသွားပါတယ်။ စစ်သားတွေ ထိခိုက်သေဆုံးမှု အခြေနေတော့မသိဘူး။ ဒီနေ့မနက်မှာတော့ စစ်သားတွေ စစ်ဆေးမှုတွေလုပ်တယ်”ဟု ဟားခါးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နှစ်ဖက်ဖြစ်ပွားသည့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီက ရုန်းတောင်တပ်စခန်းမှ ချင်းဦးစီးရပ်ကွက်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်အခြေနေနှင့် ပတ်သက်၍ အသေးစိတ်သိရှိရန်အတွက် CDF-Hakha ကို ဧရာဝတီတိုင်းမ်က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိနိုင်သေးပါ။
ဟားခါးမြို့တွင် စစ်ကောင်စီက ယနေ့မနက် လုံခြုံရေးတင်းကျပ်ထားပြီး ဆိုင်ကယ်စစ်ဆေးများ၊ သွားလာလှုပ်ရှားနေကြသည့် အရပ်သားများကို ဖုန်းစစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း ဟားခါးမြို့မှ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
#ဟားခါးမြို့ #ပစ်ခတ်မှုဖြစ်ပွား #အရပ်သားတစ်ဦး #ကျည်ထိမှန်သေဆုံး #Ayeyarwaddy_Times