နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

မြန်မာနိုင်ငံတွင် ရေဘေးဒုက္ခ စိုးဝါးစွာ ကြုံတွေ့နေရချိန်တွင် စစ်ခေါင်းဆောင်က ကယ်ဆယ်ရေး လုပ်ငန်းများထက် အာဏာတည်မြဲရေးအတွက် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်နေပြီး အလှုရှင်များကိုလည်း ၎င်းတို့ထံ ပါဝင်လှူဒါန်းရန် ဖိတ်ခေါ်နေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

တိုင်ဖွန်းမုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံတချို့၌ ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွါးလျက်ရှိရာ မြန်မာနိုင်ငံတွင် နေပြည်တော်အပါအဝင် မြို့နယ် ၃၄ မြို့နယ် ရေဘေးကြောင့် အနည်းဆုံး လူရာနှင့်ချီသေဆုံးကာ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ဒေသတွင်းသတင်းများက ရေးသားဖော်ပြနေကြသည်။

ထိုသို့ ဆိုးဝါးစွာ ဖြစ်ပေါ်နေသော်လည်း စစ်ကောင်စီကမူ သဘာဝဘေး ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ထိရောက်စွာ လုပ်ဆောင်ခြင်းမျိုးမရှိဘဲ ၎င်းတို့ စစ်ရှုံးနယ်မြေများ ပြန်လည်ရရှိအောင် မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်နေကြောင်း လေ့လာသူတို့က သုံးသပ်ထောက်ပြသည်။

“အဲလိုပဲ အခြားသော ပရဟိတအဖွဲ့တွေ လုပ်တဲ့အပေါ်မှာလည်း ချုပ်ချယ်ကန့်သတ်မှုတွေ အများကြီးလုပ်တယ်။ လက်ရှိမြန်မာနိုင်ငံက ပြည်သူတွေကတော့ ဖြစ်သမျှကို လည်စင်းခံနေရတဲ့ အခြေအနေလို့ ပြောရမယ်ထင်တယ်” ဟု စစ်ကိုင်းဒေသခံ နိုင်ငံရေးသမား ကိုစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံး အထိနာစေသည့် ညီနောင်သုံးဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့ပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်ခဲ့ရာ နေအိမ်၊ အဆောက်အအုံများ မီးလောင်ပျက်စီး၍ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

ယင်းအပြင် ယမန်နေ့ စက်တင်ဘာ ၁၃ ရက်ကလည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးနှင့် နောင်ချိုမြို့နယ်အပါအဝင် စသည့်ဒေသများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် များ ပျက်စီး၍ အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သက်ဆိုင်ရာ REOs နှင့် တော်လှန်ရေး အင်အားစုများက ထုတ်ပြန်ထားသည်။

“ဒီလိုကာလမှာ ဒါမျိုး လုပ်နေတာကတော့ သူ့အာဏာ တည်မြဲဖို့ တစ်ခုကလွဲလို့ ကျန်တဲ့အရာကို ဘာမှသူ အလေးမထားဘူး၊ ခေါင်းထဲမှာ မရှိဘူးဆိုတာကို ပြသတာပါပဲ” ဟု ကိုစိုးဝင်းဆွေက မှတ်ချက်ပြုသည်။

စစ်ကောင်စီက လက်ရှိရေကြီးရေလျှံမှုများကြောင့် ၃၃ ဦးသာ သေဆုံးခဲ့ပြီး လူဦးရေ နှစ်သိန်းကျော် ပြောင်းရွှေ့ရကာ ထိုအတွက် ၎င်းတို့အနေဖြင့် ကယ်ဆယ်ရေးစခန်း ၁၈၇ ခုကို ဖွင့်လှစ်ထားသလို စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ကြပ်မတ်လျက်ရှိ၍ ပြည်တွင်း/ပြည်ပ အလှူရှင်များ ပါဝင်လှူဒါန်းရန် ဝါဒဖြန့် သတင်းစာများမှတဆင့် လိမ်ညာထုတ်ပြန်ထားသည်။

” နိုင်ငံတကာအကူအညီတွေရအောင်လုပ်ရမယ်ဆိုတာ တစ်ဖက်ကလည်း သူရဲ့ဒေါ်လာအငမ်းမရလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက်လေ။ အမှန်တကယ်ဆို သဘာဝဘေးအန္တရာယ်ရန်ပုံငွေက အရပ်သားအစိုးရလက်ထက်မှာရှိပြီးသား ဒါတွေကို လုပ်ချင်သလိုလုပ်ခဲ့တော့ အခုကူရာကယ်ရာမဲ့ဖြစ်ရတာ” ဟု လူကယ်ပြန်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာမှုကြောင့် နိုင်ငံတကာနှင့် ပြည်တွင်း/ပြည်ပ အလှူရှင်များ၊ ပရဟိတအဖွဲ့များကို ဖမ်းဆီးသတ်ဖြတ် ကန့်သတ်ပိတ်ပင်ထားသော စစ်ကောင်စီက လက်ရှိရေဘေးအတွက် ကြိုတင်ပြင်ဆင်မှု မရှိသလောက် နည်းပါးခဲ့ကာ ထိရောက်စွာ ကူညီပေးမှု မရှိဘဲ ပြည်သူအချင်းချင်း ကူညီလုပ်ဆောင်နေရကြောင်း သိရသည်။

အိမ်နီးချင်းထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ပြည်သူလူထုအပေါ်ဆောင်ရွက်ပေးမှုများနှင့် စစ်ခေါင်းဆောင်၏ ပြည်သူလူထုအပေါ် တာဝန်မဲ့မှုများကို နှိုင်းယှဉ်ကာ ပြည်သူလူထုက လူမှုကွန်ရက်တွင် ဝေဖန်မှုများ ပြုလုပ်နေကြသည်။

#စစ်ခေါင်းဆောင် #ရေဘေးကူညီကယ်ဆယ်ရေး #အာဏာတည်မြဲရေး #လေကြောင်းတိုက်ခိုက်မှု #ပြုလုပ် #Ayeyarwaddy_Times