ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ဧရာဝတီတိုင်းအတွင်း လက်ရိုက်မြေအုတ် လုပ်ငန်းခွန်ကို တစ်နှစ်အတွင်း နှစ်ကြိမ်ကောက်ခံနေသည့်အပြင် လစဉ်ကြေးပါကောက်ခံနေသည်ဟု လက်ရိုက်မြေအုတ် လုပ်ကိုင်နေသူများထံက သိရသည်။

ပြီးခဲ့သောမေလအတွင်းက မိုးရာသီကာလ မိုးအုတ်လုပ်ငန်းချိန်တွင် တစ်ကြိမ်ကောက်ခဲ့ပြီး လာမည့်အောက်တိုဘာ မြေလက်ရိုက်လုပ်ငန်း ပွင့်လင်းချိန်တွင် တစ်ကြိမ်ထပ်မံ၍ လုပ်ငန်းခွန်ပေးဆောင်ရန် စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့က တောင်းခံနေကြောင်းသိရသည်။

“ယခင်က တစ်နှစ်လုံး အတွက် လုပ်ငန်းရာသီ ပွင့်လင်းချိန် သတင်းကျွတ်လလောက်(အောက်တိုဘာလ)မှာ လုပ်ငန်းခွန်ဆောင်ရတယ်။ ခုက တနှစ်အတွင်း နှစ်ကြိမ်ဆောင်ရတယ်။ ပြီးတော့ လစဉ်ကြေးက တစ်လကို ကျပ်သုံးသောင်းခွဲပေးရတယ်” ဟု ပုသိမ်မြို့ရှိ မြေလက်ရိုက်အုတ် လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့နယ်အတွင်းရှိ မည်သည့်အုတ်ဖိုမဆို တပြေးညီ ကျပ်သုံးသိန်း ကို ဒုတိယ အကြိမ်မြောက် ထပ်မံအခွန်ဆောင်ရသကဲ့သို့ ကန်ကြီးထောင့် ၊ အိမ်မဲ ၊ မအူပင် ၊ ဝါးခယ်မ စသည့် မြို့နယ်များတွင်လည်း ဒုတိယအကြိမ် ကျပ်သုံးသိန်း ထပ်မံအခွန်ဆောင်သော်လည်း လစဉ်ကြေးမပေးရကြောင်း ဒေသခံအုတ်လုပ်ငန်းရှင်အချို့ထံက သိရသည်။

စစ်ကောင်စီက အုတ်အလုံးတစ်သောင်းခွဲထွက် လိုင်စင်ဖိုကြီး တစ်ဖိုလျှင် ကျပ်သုံးသိန်းတောင်းပြီး အုတ်အလုံးငါးထောင် မှ ငါးထောင် အတွင်းထွက်သည့် အုတ်ဖိုတစ်ဖိုလျှင် ကျပ် တစ်သိန်းခွဲတောင်းသည် ဟုသိရသည်။

“ အုတ်လုပ်ငန်းခွန်ကို အထက်ကသတ်မှတ်နှုန်း အတိုင်းကောက်ပေးရတာ။ လစဉ်ကြေးကတော့ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ နဲ့ လုံခြုံရေး လုပ်ငန်းတွေအတွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ ရဲ့အစီအစဉ်နဲ့ တောင်းတာပါ ” ဟု ပုသိမ်မြို့မှ အုပ်ချုပ်ရေးအဖွဲ့ ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့သာမက မြေစာရင်းဦးစီးနှင့် စည်ပင်သာယာရေးအဖွဲ့တို့ကိုလည်း အခွန်ပေးဆောင်ရသည့်အပြင် စစ်ကောင်စီနယ်မြေစိုးမိုးရေးတပ်ဖွဲ့ ၊ရဲတပ်ဖွဲ့ ၊မီးသတ်တပ်ဖွဲ့ နှင့် ပျူစောထီး(ပြည်သူ့စစ်) များကလည်း အကြောင်းအမျိုးမျိုးပြ ငွေတောင်းကြသည့်အတွက် အဆင်မပြေဖြစ်ရသည်ဟု အုတ်လုပ်ငန်းရှင်အချို့ထံက သိရသည်။

စစ်တပ်အာဏာမသိမ်းခင်က အုတ်အလုံး ၂၀၀၀ မှ ၅၀၀၀ အတွင်းထွက်သည့် အုတ်ဖို တစ်နိုင်တပိုင် လုပ်ကိုင်သူများအနေဖြင့် လိုင်စင်လုပ်ပြီး လုပ်ငန်းခွန် ပေးဆောင်ရန်မလိုပဲ အုတ်အလုံးတစ်သောင်းခွဲထွက်သည့် အုတ်ဖို များသာ လိုင်စင်လုပ်၍ တစ်နှစ်စာအတွက် လုပ်ငန်းခွန် ကျပ်တစ်သိန်းခွဲ ပေးဆောင်ရကြောင်းသိရသည်။

ယခုကဲ့သို့ အခွန်တိုးမြင့်ကောက်ခံခြင်းနှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းအသီးသီး မှ ဆက်ကြေးတောင်းသကဲ့သို့ ငွေတောင်းနေကြခြင်းတို့ကြောင့် လက်ရိုက်အုတ် လုပ်ငန်းအချို့ ရပ်တန့်သွားနိုင်သည်ဟု အုတ်သဲကျောက်ရောင်းဝယ်ရေး လုပ်ငန်းရှင် အချို့က သုံးသပ်သည်။

ဧရာဝတီတိုင်းအတွင်း လက်ရိုက်မြေအုတ်ဖုတ်သည့်လုပ်ငန်း လုပ်ကိုင်သူအများအပြား ရှိနေပြီး ပုသိမ်မြို နယ်တခုတည်းအတွင်းမှာပင် အုတ်ဖုတ်သည့်ဖိုပေါင်း ၂၄၀ ကျော်ရှိကာ အုတ်ဖုတ်လုပ်သား ၃၀၀၀ နီးပါးရှိကြောင်း သိရသည်။

#ဧရာဝတီတိုင်း #လက်ရိုက်မြေအုတ် #လုပ်ငန်းခွန် #တစ်နှစ်အတွင်း #၂ ကြိမ်ကောက်ခံ #Ayeyarwaddy_Times