ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ အနောက်ရပ်ကွက်၊ လှေ့ကောင်းလမ်းရှိ စစ်ဘေးရှောင်နေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်းဒေသခံများထံက သိရသည်။

မီးရှို့ခံရသည့် နေအိမ်များသည် လူနေထိုင်ခြင်း မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး ခလရ ၂၇၄ တပ်ရင်းနှင့်လည်း နီးစပ်ကြောင်း သိရသည်။

အဆိုပါ နေအိမ်များကို စက်တင်ဘာလ ၁၂ ရက်နေ့ညက မီးရှို့ခံရခြင်းဖြစ်ပြီး ဒေသခံများက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ရှို့မီးဖြစ်ကြောင်း အတည်ပြုပြောဆိုထားသည်။

“မင်းတပ်မှာ စစ်သားတွေနေတဲ့ အနီးနား နေအိမ်တွေ မကြာခဏ မီးရှို့ခံရတယ်။ အခုမီးကလည်း စစ်သားတွေ သောက်စားမူးရူးပြီး မီးရှို့တာဖြစ်မယ်။ အဲ့ရပ်ကွက်ထဲမှာ လူမရှိတာကြာပြီ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မီးရှို့ခံရသည့် အိမ်ပိုင်ရှင်များသည် လွန်ခဲ့သည် နှစ်နှစ်ခန့်က မင်းတပ်မြို့နယ်ရှိ ကျေးရွာများနှင့် တခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်းသိရသည်။

မင်းတပ်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးရွာသော်လည်း မီးရှို့ခံရသည့် နေအိမ်များသည် ဝါးနှင့် ပျဥ်အိမ်များဖြစ်သည့်အတွက် မီးလောင်လွယ်ပြီး နေအိမ်များ ပြာကျသွားသည်ဟုဆိုသည်။

“မီးလောင်တဲ့ ရပ်ကွက်ဘက်က နေအိမ်အတော်များဟာ ဝါးထရံနဲ့ ပျဥ်အိမ်တွေများတယ်။ တစ်အိမ်နဲ့တစ်အိမ် မီးကူးစက်ဖို့ လွယ်တယ်။ မိုးရွာလို့ တော်သေးတယ်။ မိုးများမရွာရင် တစ်ရပ်ကွက်လုံး မီးငြိမ်းမဲ့လူမရှိဘဲ ပြာကျသွားနိုင်တယ်” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ကလည်း မင်းတပ်မြို့ အနောက်ရပ်ကွက်ရှိ စစ်ဘေးရှောင်နေအိမ် ခြောက်လုံးလည်း စစ်ကောင်စီက မီးရှို့၍ မီးလောင်ပြာကျခဲ့သည်။

မင်းတပ်မြို့တွင် သုံးနှစ်ကျော်အတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမူကြောင့် နေအိမ် ၃၂ လုံးထက်မနည်း မီးလောင်ပြာကျသွားပြီး မီးလောင်ပြာကျသွားသည့် နေအိမ်များသည် စစ်ကောင်စီ နေရာယူတပ်စွဲထားသည့် အနီးနားရှိ နေအိမ်များဖြစ်သည်။

ပုံစာ – မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် ယခုနှစ် ဧပြီလ ၂၂ ရက်နေ့ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အနီးတွင် မီးရှို့ခံရသည့် စစ်ဘေးရှောင်နေအိမ်များကို တွေ့ရစဥ်။(ပုံအဟောင်း)

#မင်းတပ်မြို့ #စစ်ဘေးရှောင် #နေအိမ်၁၀လုံး #မီးရှို့ခံရ
#Ayeyarwaddy_Times