
မြရာ/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
နေပြည်တော် ရေကြီးမှုဖြစ်စဥ်တွင် တပ်ကုန်းမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၁ အတွင်းသို့လည်း ရေများဝင်ရောက်ပြီး သေဆုံးမှုနှင့် ပျောက်ဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
နေပြည်တော် အရှေ့ဘက် တပ်ကုန်းမြို့နယ် နတ်မရွာဘေးရှိ စစ်တပ်သုံးရေကာတာကျိုးပေါက်၍ ကပစ ၁ အတွင်းသို့ ရေများဝင်ရောက်ကာ ခြောက်ခန်းတွဲ လိုင်းခန်းနှင့် နှစ်ထပ်ဆောင်များပါ ရေနစ်မြုပ်ပြီး တပ်ကြပ်အဆင့်အပါအဝင် ၂၀ ကျော်သေဆုံးပြီး ပျောက်ဆုံးသူများလည်းရှိကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။
“ခြောက်ခန်းတွဲအားလုံးပါသွားတယ်။ နတ်မရွာဘေးက စစ်တပ်သုံး ရေကာတာကျိုးသွားတာ။ အလောင်းတွေကို စက်လှေနဲ့ကောက်ပြီး သယ်သွားတယ်။ သေဆုံးအတိအကျမသိရသေးဘူး။ ခန့်မှန်းတော့ ၂၀ ကျော်တယ်။ ပျောက်ဆုံးတွေလည်းရှိတယ်။ ဌာနရုံးချုပ် လည်းမြုပ်တယ်။ လက်နက်သေတ္တာတွေလည်း မျောပါကုန်တာရှိတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေပြည်တော်တွင် ကာကွယ်ရေးပစ္စည်းစက်ရုံ နှစ်ခုရှိပြီး ကပစ ၁ နှင့် ၄ တို့ဖြစ်ကာ ရေကြီးမှုဖြစ်စဉ်တွင် အဆိုပါကပစနှစ်ခုလုံး ရေနစ်မြုပ်၍ မြေပြိုပျက်စီးမှုများရှိကာ ကပစ ၁ တွင် သေဆုံး၊ ပျောက်ဆုံးမှုပိုများကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်သေဆုံးနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ကပစ ၁ ၏အဓိက ထုတ်လုပ်သည့် လက်နက်များမှာ Small Arm များဖြစ်ပြီး အဓိကအနေဖြင့် MA-1,2,3,4 အမျိုးအစား ချေ မှုန်းရေး ရိုင်ဖယ်များဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကပစ ၄ သည် ကပစ ၁ အနီးတွင်တည်ရှိပြီး ကပစအားလုံး၏ အဓိကကျဆုံးစက်ရုံဖြစ်ပြီး စက်ပြုပြင်နှင့် ပုံစံထုတ်စက်ရုံဖြစ်သည်။ စစ်တပ်မှသုတေသနပြုထုတ်လုပ်လိုသည့် လက်နက်သစ်များကို ဒီဇိုင်းဆွဲ၍ပေးရကြောင်းသိရသည်။
#နေပြည်တော် #တပ်ကုန်း #ကပစ ၁ #ကပစ ၄ # ရေကြီး #ရေလျှံ #သေဆုံး #ပျောက်ဆုံး
#Ayeyarwaddy_Times