ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

တနင်္သာရီတိုင်းအတွင်းရှိ စစ်မှုထမ်းဟောင်း အငြိမ်းစား လူ ၅၀ဦးကို အရန်စစ်မှုထမ်း သင်တန်းတက်ရန် ပလောက်မြို့တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်းသို့ တိုင်းရုံးအစီအစဥ်ဖြင့် ပို့ဆောင်မည်ဖြစ်​​ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

အဆိုပါ စစ်မှုထမ်းဟောင်း အငြိမ်းစား လူ ၅၀ ကိုစက်တင်ဘာလ ၁၅ ရက်နေ့တွင် ပို့ဆောင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အရန်စစ်မှုထမ်း တာဝန်ထမ်းဆောင်ရမည်ဟု သိရသည်။

“သင်တန်းတွေပေးပြီး တာဝန်ပြန်ထမ်းဖို့ တိုင်းရုံးအစီအစဥ်နဲ့ ပ​​လောက်ကို မနက်ဖြန်ပို့မယ်။ မနက်ဖြန်ပို့မယ့် သတင်းတွေပေါက်ကြားရင်တော့ လုံခြုံရေးအရ အစီအစဥ်ပျက်နိုင်တယ်။ ပြီးတော့ ကျောင်းမှာ သင်တန်းနည်းပြလဲမရှိဘူး” လို့ တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်သင်တန်းကို ကနဦးက မြိတ်မြို့တွင် သင်တန်းဖွင့်လှစ်ရန် တိုင်းရုံးမှ ပြင်ဆင်ထားသော်လည်း ပလောက်မြို့ တန်းမြှင့်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး က မိမိကျောင်းမှာသာဖွင့်လိုကြောင်း တောင်းဆိုသည့်အတွက် ပလောက်မြို့တွင် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။

“သင်တန်းတစ်ခါဖွင့်ရင် သူ့အတွက်က အ​တော်လေးရတယ်၊ သင်တန်းသားရှိရင် ရိက္ခာအများကြီးပိုတယ်။ ဆိုင်တွေပြန်သွင်းပြီး ကျောင်းအုပ်ကြီးက ရောင်းစားတာ”ဟု ၎င်း တပ်တွင်းသတင်းရင်းမြစ်က ဆက်လက်ပြောသည်။

အရန်စစ်မှုထမ်း သင်တန်းကို စက်တင်ဘာ ၁၆ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက် နောက်ဆုံးပတ်တွင် စစ်သင်တန်း စတင်ပေးမည်ဖြစ်ကာ စစ်မှုထမ်းဟောင်း အငြိမ်းစားသင်တန်းကို စစ်တိုင်းရုံးအများစု ဖွင့်လှစ်ရမည်ဟု တပ်တွင်းသတင်းရင်းမြစ်ကပြောသည်။

ထို့ပြင် စစ်ကောင်စီက စစ်မှုထမ်းဟောင်း အရာရှိ ၁၅၀၀ ကျော်နှင့် အခြားအဆင့် ၁၃၀၀ ကျော်ကို ပြီးခဲ့သည့် သြဂုတ်လကလည်း တိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် ဆက်သွယ်ကာ အရေးပေါ်ခေါ်ယူခဲ့သည်။

ဓာတ်ပုံ-စစ်မှုထမ်းဟောင်းများ (ပုံဟောင်းဖြစ်သည်။)

#စစ်မှုထမ်းဟောင်း #၅၀ဦးက်ို #စစ်မှုထမ်းသင်တန်းပေးရန် #ပလောက်တန်းမြှင့်လေ့ကျင့်ရေး ##Ayeyarwaddy_Times