ဧရာ၀တီတိုင်းမ်/မြရာ၊နိုရာ
စက်တင်ဘာ ၁၄ ရက်

“အကြမ်းဖက်နဲ့ပေါင်းရင် အကြမ်းဖက်လို့ပဲ သတ်မှတ်တယ်”

“ဒီလိုလက်နက်ကိုင်တော်လှန်နေတာဟာ ပညာမတတ်လို့ဖြစ်ရတာ”

“မြန်မာနိုင်ငံမှာ ပညာတတ်နည်းလို့ ဆင်းရဲမွဲတေနေရတဲ့အတွက် အသုံးလုံးစနစ်ကို ပြန်ဖော်ဆောင် ရမယ်”

“နိုင်ငံရဲ့အနေအထားအရ သမဝါယမစနစ်သည်သာ အသင့်တော်ဆုံးဖြစ်လို့ ပြန်လည်ကျင့်သုံးရမယ်”

“အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံတော်တွင် နိုင်ငံရေးအရ အကျပ်တည်းဖြစ် ပေါ်နေမှုကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်ဖို့ ကြိုးစားနေတယ်”

အဲ့ဒီစကားတွေဟာ နိုင်ငံတော်အာဏာကို လုယူပြီး မိမိကိုယ်ကို သမ္မတအဖြစ်ခံယူကာ တစ်နိုင်ငံ လုံးမှာရှိတဲ့ ပြည်သူတွေကို အတင်းအဓမ္မ၀င်ရောက်အုပ်ချုပ်နေတဲ့ နိုင်ငံတော်၀န်ကြီးချုပ် တစ်ဖြစ်လဲ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်သူတွေအပေါ် ပြောခဲ့တဲ့စကားတွေပဲ ဖြစ်ပါတယ်။

အဲဒီစကားတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ ယခုစက်တင်ဘာလအတွင်းက သူနဲ့ပတ်သက်ဆက်ဆံရတဲ့ အသိုင်းအဝိုင်းတစ်ခုကြားမှာ ပြောဆိုခဲ့တဲ့ ပြည်သူတွေပေါ်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သဘောထားတွေပဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဟာ နိုင်ငံအနှံ့တိုက်ပွဲဖြစ်ပွားနေချိန်မှာတောင် သူ့အာဏာတည်မြဲရေးအတွက် ယတြာလှည့်ပတ်ချေရင်း အထက်ပါစကားတွေကို လက်လွတ် စပယ်ပြောခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောကြားခဲ့တဲ့စကားတွေအရ နိုင်ငံသားတွဟာ ပညာမတတ်၊ ဒီမို ကရေစီနဲ့မတန် အကြမ်းဖက်သာသာတွေသာ ဖြစ်တာမို့ ဖိနှိပ်ရမယ်ဆိုတဲ့ စိတ်နဲ့ပြောထုတ်ခဲ့ခြင်းပဲ ဖြစ်တယ်လို့ ယူဆလို့ရနိုင်ပါတယ်။

#နိုင်ငံလိုအပ်ချက်အရ

မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာကပါသိအောင်ပွင့် လင်းမြင်သာစွာ ကျင်းပခဲ့တဲ့ ၂၀၂၀နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်သူတစ်ရပ်လုံး တညီတညွတ်ထဲရွေးချယ်ခဲ့တဲ့ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။

အဲ့ဒီကာလမှာ စစ်တပ်က အသွင်ပြောင်းပြီး ရွေးကောက် ပွဲဝင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၃၀ ကျော်ဟာ မရှုမလှရှုံးနိမ့်ခဲ့ရပါတယ်။

မင်းအောင်လှိုင်ဟာ လွှတ်တော်ထဲထည့်ထားတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းနဲ့ အခုမဲရလဒ် ထွက်ပေါ် ချက်အရ နေရာရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းစည်းပြီး စစ်တပ်အာဏာ တည်မြဲရေး ပုံဖော်ဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ တိုင်းပြည်အာဏာကို သိမ်းယူဖို့ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေမှာတော့ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရလက်ထဲက အာဏာကို လုယူခဲ့တဲ့စစ်ခေါင်းဆောင်ဟာ အာဏာလုတဲ့နေ့ကစပြီး ယနေ့တိုင်အောင် မဲမသမာမှု ကြောင့် တိုင်းပြည် ဆူပူအုံကြွချိန်မှာ နိုင်ငံရဲ့လိုအပ်ချက်အရ အာဏာထိန်းခဲ့ရတာဖြစ်တယ်လို့ မျာက်နှာပြောင်တိုက် ပြောဆိုခဲ့ပြီး ပြောဆိုနေဆဲလည်းဖြစ်ပါတယ်။

#မင်းအောင်လှိုင်ကိုနိုင်ငံကတကယ်လိုအပ်တာလား

ရွေးကောက်ပွဲမတိုင်ခင် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးပျက်စီးချို့ယွင်းပြီး မြန်မာနိုင်ငံ ကိုပါ အဲဒီဘေးထွက်ဆိုးကျိုးတွေ ရောက်လာချိန်မှာ ပြည်သူရွေးချယ်ထားတဲ့ ဒီမိုကရေစီ အစိုးရဟာ ကမ္ဘာကချီးကျူးရလောက်တဲ့အထိ အကောင်းဆုံး ကိုင်တွယ်ပြနိုင်ခဲ့ပါတယ်။

ကပ်ရောဂါအတွင်း အထွေထွေရွေးကောက်ပွဲကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံအတွက် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ရည်မှန်းချက်တွေဟာ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အာဏာကိုရူးသွပ်တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ အာဏာ သိမ်းမယ့်အစီအစဥ်ကိုချမှတ်ပြီး လွှတ်တော်တက်ရမယ့်အမတ်တွေနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို ညတွင်းချင်း ဖမ်းဆီးပြီး အာဏာကို ဝင်လုခဲ့ ပါတော့တယ်။

အာဏာလုပြီးတဲ့နောက်မှာတော့ ပြည်သူကို ရွေးကောက်ပွဲပြန်လည်ကျင်းပပေးမယ်။ မဲမသမာမှုကြောင့် တိုင်းပြည်အာဏာကို ယာယီထိန်းလိုက်ရပါတယ်ဆိုတဲ့ စကားတွေလုံးတွေနဲ့ ပြည်သူကိုစော်ကားပြီး သူ့ရဲ့အာဏာရူးမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ်။

မဲမသမာမှုကြောင့်ဟု ခေါင်းစဥ်တပ်အာဏာလုခဲ့တဲ့ စစ်ခေါင်းဆောင်ဟာ တိုင်းပြည်ပလ္လင်ပေါ်တက်တက်ချင်း ပြည်သူပေးခဲ့တဲ့ မဲတွေကိုမီးရှို့ဖျက်ဆီးတဲ့လုပ်ရပ်ကို ပထမဦးဆုံးလုပ်ခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံက စစ်ခေါင်းဆောင်ကို တကယ်လိုအပ်သလားဆိုတာ ပြည်နယ်နဲ့တိုင်း မြို့ရွာအနှံ့ လမ်းပေါ်ထွက်လာတဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေဟာ သက်သေပါပဲ။

#ပညာမတတ်လို့လက်နက်ကိုင်ခဲ့တာလား

စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ မူလတန်းကျောင်းကအစ တက္ကသိုလ်တွေအထိ ပိတ်သွားခဲ့တာပါပဲ။

ကျောင်းသားတွေဟာ ကျောင်းမတက်ကြတော့ပါဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေ၊ လူငယ်တွေဟာ နိုင်ငံရေးအကြောင်းကို စိုးစဉ်းမျှမသိပေမယ့် မြန်မာနိုင်ငံသားတိုင်း စစ်အာဏာရှင် အဆက်ဆက်ရဲ့အကြောင်းကိုတော့ ကျောစိမ့်အောင် ခံခဲ့ သိခဲ့တာမို့ ခေတ်တာဝန်ကို ပုခုံးပေါ်ထမ်းပြီး လမ်းပေါ် ထွက်ခဲ့ကြပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေထဲမှာ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေ၊ သက်မွေးမှုတက္ကသိုလ်ဖြစ်တဲ့ နည်းပညာတက္ကသိုလ်၊ ဆေးတက္ကသိုလ်စတဲ့ တက္ကသိုလ် ပေါင်းစုံက ကျောင်းသူ၊ ကျောင်းသားတွေပါ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုလူငယ်တွေအပြင် နိုင်ငံ့တာဝန်ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဥပဒေအရာရှိတွေ၊ ဆရာ ဝန်တွေ၊ ပညာရေးနယ်ပယ်က ဆရာ၊ ဆရာမတွေ၊ နည်းပညာပိုင်းက အင်ဂျင်နီယာတွေအပါအဝင် ပညာတတ် အသိုင်းအဝိုင်းအားလုံးလည်း ပြည်သူနဲ့တကွပူးပေါင်းပြီး အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

လက်ထဲမှာ ဗီနိုင်းတစ်ချပ်အပြင် အပိုမပါတဲ့ ဆန္ဒပြ ပြည်သူလူထုကို စစ်တပ်က လအနည်းငယ်ကြာစောင့်ကြည့်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်တာတွေ စတင်လုပ်ဆောင်လာပါတော့တယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြရင်း စစ်တပ်ရဲ့ သေနတ်ပြောင်းဝမှာ၊ ဗုံးစတွေကြား‌မှာ ပြည်သူ၊ ပြည်သားတွေဖြစ်တဲ့ တက္ကသိုလ်ကျောင်းသား လူငယ်တွေ၊ ဆရာဝန်လောင်းလျာ၊ အင်ဂျင်နီယာလောင်းလျာလေးတွေဟာ အသက်ပေးရတာတွေရှိသလို ခြေလက်အင်္ဂါတွေပါ စွန့်လွှတ်ခဲ့ရပါတယ်။

ဒါတွေဟာ လူငယ်တွေအနေနဲ့ စစ်ကောင်စီကိုရင်ဆိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ရ ခြင်းရဲ့ အစပါပဲ။

#စစ်ခေါင်းဆောင်ပြောတဲ့အကြမ်းဖက်

စစ်ကောင်စီဟာ အာဏာကို ရတဲ့နည်းနဲ့ယူနိုင်ဖို့အတွက် လအတန်ကြာ ငြိမ်းချမ်းစွာဆန္ဒပြနေသူများ ကို အကြမ်းဖက်နည်းနဲ့ နှိမ်နင်းပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီလို ရက်စက်စွာသတ်ဖြတ်ခံခဲ့ရပြီးနောက် ပညာတတ်လူငယ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေထံ ပူးပေါင်းပြီး လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ရပါတယ်။

တစ်ဖက်မှာလည်း လက်နက်ကိုင်လမ်းစဉ်အပြင် ပညာတတ်လူငယ်အချို့နဲ့ ပြည်သူရွေးချယ် ယုံကြည်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သမာ သမတ်ရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စတဲ့ အဖွဲ့အစည်းတွေထူထောင်ကာ နိုင်ငံရေးကို တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ ကြိုးစား လုပ်ဆောင်ခဲ့တာကို ထင်ရှားစွာတွေ့ရပါတယ်။

စစ်အာဏာရှင်ရဲ့ ပြည်သူအပေါ်ကျင့်သုံးနေတဲ့ အကြမ်းဖက်လမ်းစဥ်ကို နိုင်ငံတကာက သိနိုင်အောင်နဲ့ ကမ္ဘာကစစ်ခေါင်းဆောင်ကို အရေးယူမှုများ ပြုလုပ်လာနိုင်အောင် ပညာတတ်လူငယ်တွေကပဲ နည်းလမ်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ပြီး စစ်အာဏာရှင် ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို မလိုအပ်ချိန်မှာ အကြမ်းဖက်လို့ သတ်မှတ်ခဲ့ပြီး မနိုင်နင်းတော့၍ ပူးပေါင်းလိုချိန်မှာတော့ အကြမ်းဖက်အဖြစ်မှ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ စကားလုံးတွေနဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။

စစ်အာဏာရှင်တွန်းပို့တဲ့ လမ်းကြောင်းအတိုင်း နိုင်ငံ့အာဏာကို စစ်အာဏာရှင်လက်ကနေ လွတ် မြောက်အောင် ပြည်သူကို နှိမ်နင်းနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်နဲ့ လူတစ်စုလက်က လွတ်မြောက်အောင် လုပ်ဆောင်ပေးနေသူတွေဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် သတ်မှတ်တဲ့ အကြမ်းဖက်ဖြစ်နိုင်ရဲ့လား ဆိုတာကို တွေးကြည့်ဖို့ကိုတောင် လိုမယ်မထင်ပါ။

#လူငယ်တွေလက်နက်ကိုင်တာပညာမတတ်လို့လားဆင်းရဲလို့လား

“မဲမသမာမှုကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေ အနေ ဖြစ်ပေါ်ခြင်းကို နိုင်ငံရေးနည်းလမ်းအရ ဖြေ ရှင်းခြင်းမပြုလုပ်ဘဲ လက်နက်ကိုင်အကြမ်းဖက် သည့်နည်းလမ်းဖြင့် ဖြေရှင်းရန်လုပ်ဆောင်လာခြင်း ကို သုံးသပ်ရမည်ဆိုပါက နိုင်ငံ၌ပညာတတ်နည်းပါး ခြင်းကြောင့် ဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကျိုးကိုမကြည့်ဘဲ လက်နက်ကိုင်အကြမ်းဖက်မှုများဖြင့် နိုင်ငံ တော်၏အနာဂတ်ကို ဖျက်ဆီးနေကြခြင်းပင်ဖြစ်ကြောင်း” ပြောဆိုပြီး လက် နက်ကိုင်တာ တိုင်းပြည် အနာဂတ်ကိုဖျက်ဆီးနေတာ ဖြစ်ကြောင်း စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်နေ့က မန္တလေးမြို့၊ ပညာရေး ဒီဂရီကောလိပ်ရှိ နည်းပညာဆရာ၊ ဆရာမတွေနဲ့ သင်တန်းသားကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံအမှာစကားပြောကြားရာမှာ စစ်ခေါင်းဆောင်က မင်းအောင်လှိုင်က အဲဒီစကားကို ထည့်သွင်းပြောဆိုသွားတာပဲဖြစ်ပါတယ်။

စစ်ခေါင်းဆောင်စွပ်စွဲသလို ပညာမတတ်လို့ လက်နက်ကိုင်ရသည်ဆိုရာတွင် အာဏာသိမ်းမှုကိုဆန့်ကျင် တဲ့ ရဲ၊ စစ်သားနဲ့ ဝန်ကြီးဌာနအသီးသီးက ပညာတတ်ဝန်ထမ်း စုစုပေါင်း လေးသိန်းကျော်ပါဝင်ပြီး ပညာရေး ဝန်ထမ်း ၁၄၀,၀၀၀ ခန့်ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့စာရင်းတွေအရ သိရပါတယ်။

ကိုဗစ်ကာလတစ်လျှောက် နိုင်ငံ Lockdown ချ၍ စီးပွားရေးလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်း သွားချိန် မှာတောင် နိုင်ငံတွင်းရှိပြည်သူတွေကို အရပ်သားအစိုးရက ထောက်ပံ့ကြေးပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ သုံးစွဲနေတဲ့ လျှပ်စစ်မီတာခတွေ လျော့ချကောက်ခံခြင်းတွေကြောင့် ပြည်သူတွေဟာ ကပ်ရောဂါဆိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ချောင်လည်စွာ နေထိုင်နိုင်ခဲ့ကြတဲ့ သက်သေ သာဓကတွေ ရှိပါတယ်။

နိုင်ငံ့ဘဏ္ဍာထဲကနေ စစ်ဆင်ရေးတွေအပါအဝင် ကာကွယ်ရေးအသုံးစရိတ်အဖြစ် နှစ်ပေါင်းများစွာ တောင်းခံလာတဲ့ ငွေကြေးတောင်းခံမှုဟာ အခြားအသုံးစရိတ်တွေထက် ကျော်လွန်နေခဲ့ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ကာကွယ်ရေးဝန်ကြီးဌာနက ငွေကျပ် ၃၂၅၀ ဘီလီယံကျော် ပေးပို့တောင်းဆိုခဲ့တာကို‌ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်အတွက် သုံးစွဲမှုဟာ ကာကွယ်ရေးဝန်ကြီးဌာန အတွက် ငွေသုံးစွဲမှုထက် ဘယ်တုန်းကမှမကျော်ခဲ့ပါဘူး။

ဒါတွေဟာ စစ်ခေါင်းဆောင်စွပ်စွဲသလို တိုင်းပြည်မွဲတေနေရခြင်းဟာ ပညာမတတ်ခြင်းကြောင့် အဓိက ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရာက တရားခံတွေက ဘယ်သူတွေလဲဆိုတာကို သိသာစေပါတယ်။

#အာဏာလုပြီးအုပ်ချုပ်ခဲ့တဲ့စစ်ခေါင်းဆောင်ကပြည်သူတွေကိုဘယ်လိုသဘောထားလဲ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စက်တင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တောင်ကြီးမြို့ ဆွေးနွေးပွဲမှာ “အကြမ်းဖက်နဲ့ပေါင်းလျှင် အကြမ်းဖက်ဟုသတ်မှတ်ကြောင်း၊ လက်နက်ကိုင်များ သိမ်းပိုက်နေရာယူထားသည့် မြို့ရွာများတွင် သတင်းရရှိမှုအပေါ်မူတည်ကာ လိုအပ်သလိုတုံ့ပြန် ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် အသုံးချမှုမခံရစေရေးနှင့် ဘေးကင်း လုံခြုံရေးအတွက် သတိပြုရန်လိုအပ်ကြောင်း” ဆိုပြီး ပြည်သူအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားကို ယခုလို ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြို့ရွာတွေကို စစ်ရေးပစ်မှတ်ထားကာ ပြည်သူကိုလည်း အကြမ်းဖက်နားနေရင် အကြမ်းဖက်ပဲလို့ သတ်မှတ်ပြီး သတ်ဖြတ်မယ်ဆိုတဲ့ အကြောင်း စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုကို စစ်ခေါင်းဆောင်က ဗြောင်ကျကျ ထုတ်ဖော်လိုက်တာပဲဖြစ်ပါတယ်။

အဲဒီလိုပြောပြီးနောက်ပိုင်း စက်တင်ဘာ ၅ ရက်နေ့ကစပြီး စစ်ခေါင်းဆောင်ဟာ စစ်ရှောင်ပြည်သူတွေနဲ့ သူ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းအဖြစ် အဖမ်းခံထားရတဲ့ နေရာတွေကိုပါ ဗုံးကြဲချ တိုက်ခိုက်ခဲ့ပါတယ်။

တစ်ပတ်အတွင်းမှာ လေကြောင်းကနေ ငါးနေရာထက်မနည်း ကို ကြဲချတိုက်ခဲ့တဲ့အတွက် ပြည်သူ ၁၀၀ နီးပါး အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဟာ ပြည်သူတွေနဲ့ပတ်သက်ပြီး သူ့သဘောထားကို လေကြောင်းကနေဗုံးကြဲပြီး ထုတ်ဖော်ပြသခဲ့သလို ယခုလတ်တလောရင်ဆိုင်နေရတဲ့ ရေဘေးမှာလည်း ပြည်သူအပေါ်ထားတဲ့ စစ်ခေါင်းဆောင်ရဲ့ စေတနာကို ပြည်သူတွေက ဘွင်းဘွင်း ရှင်းရှင်း တွေ့မြင်ခဲ့ရပါတယ်။

ရေဘေးအန္တရာယ်ကြောင့် စစ်ခေါင်းဆောင်နဲ့အဖွဲ့ ရုံးစိုက်ရာ နေပြည်တော်ဝန်းကျင်တစ်ဝိုက်ရှိ ပြည်သူလူထုတွေ အတိဒုက္ခရောက်နေချိန်မှာတောင် ကယ်ဆယ်ရေးအတွက် အရေးပေါ်စီမံချက် ဘာတစ်ခုမျှမရှိဘဲ စစ်ကောင်စီရဲ့ လေတပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကချင် နဲ့ ရခိုင်ပြည်နယ်တို့ရှိ မြို့နယ်တွေကို ဗုံးကြဲမှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပြည်သူအပေါ်ထားတဲ့ စစ်ခေါင်းဆောင်ရဲ့ တကယ့်စေတနာအစစ်အမှန်ပါပဲ။

#ဒီမိုကရေစီနဲ့မတန်ဘူး

စီးပွားရေးဖွံ့ဖြိုးရန်အတွက် သမဝါယမစနစ်ကို ကျင့်သုံးရမည်ဖြစ်ပြီး နိုင်ငံ၏လက်ရှိအခြေအနေအရ အသင့် လျော်ဆုံးဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဇူလိုင် ၂၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေး တခုတွင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံတကာကိုကြည့်လိုက်ရင် ဖုန်းတစ်ချက်ဖွင့်ရုံနဲ့ လိုချင်တဲ့ပစ္စည်း အိမ်ရှေ့ရောက်နေချိန်မှာ မြန်မာ နိုင်ငံမှာရှိတဲ့ ပြည်သူတွေဟာ ပုံမှန်လိုအပ်နေတဲ့ အခြေခံစားသောက်ကုန်ကိုတောင် ခွဲတမ်းဖြင့် ပင်ပန်း ဆင်းရဲစွာ တိုးဝှေ့ဝယ်ယူနေရပြီး အဲ့ဒီစနစ်နဲ့သာသင့်လျော်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ပြော ခဲ့တာပါ။

ဖွံ့ဖြိုးစဒီမိုကရေစီနိုင်ငံကို အရင်းကနေကိုင်စွဲ ဦးချိုးချလိုက်တဲ့ စစ်ခေါင်း ဆောင်က ပြည်သူတွေဟာ ဒီမိုကရေစီနဲ့မတန်ဘူး။ သူအုပ်ချုပ်စဉ်အခါမှာ ပြည်သူတွေကို အသုံးလုံးပြန်သင်ပေးရမယ်။ တန်းစီဝယ်ယူရတဲ့စနစ်နဲ့ သမ ဝါယမစနစ်ကိုပြန်သွားရမယ်လို့ စစ်ခေါင်းဆောင်က ပြည်သူကို အထင်သေး နှိမ့်ချခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ စစ်ခေါင်းဆောင်နဲ့ စစ်အရာရှိခရိုနီ တစ်စုဟာ သမဝါယမစနစ်ပြန်သွားဖို့ စီစဉ်နေတာဟာ ပြည်သူအပေါ် တကယ့်ကို အောက်တန်း ကျလွန်းတဲ့ အကြံအစည် တစ်ခုပဲဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

#ပြည်သူတွေကရောစစ်ခေါင်းဆောင်ကိုချစ်ရဲ့လား

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ စစ်ရှောင်တွေအပါအဝင် အရပ်သားပြည်သူ ၁၉ သန်းနီးပါး (၁၈.၆ သန်း) ဟာ လူသားချင်စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်ကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်နေ့က ထုတ်ပြန်ထားပါ တယ်။

အရေးပေါ်အကူအညီတွေ လိုအပ်နေတဲ့ လူ ၁၉ သန်းနီးပါးထဲမှာ ၆ သန်းဟာ ကလေးငယ်တွေဖြစ်ပြီး ကျယ်ပြန့်သော ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ သဘာဝ ဘေးအန္တရာယ်တွေရဲ့ နာကျင်စေတဲ့ အကျိုးဆက်တွေ ကို ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့ UNOCHA ကဆိုပါတယ်။

ဆိုးရွားတဲ့ အကျပ်အတည်းတွေကြောင့် လူများစွာဟာ အသက်ရှင်သန်ရေး လွန်စွာခက်ခဲနေကြပြီး စားနပ် ရိက္ခာ၊ အမိုးအကာနဲ့ အသက်ကယ်ဆယ်ရေး အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။

ဒါဟာ စစ်တပ်ရဲ့ ဖမ်းဆီးနှိပ်စက်မှု၊ ညှဥ်းပန်းသတ်ဖြတ်မှုဒဏ်ကနေ ကင်းလွတ်အောင် ကြိုးပမ်းနေရတဲ့ မြို့ပြနေ ပြည်သူလူထုရဲ့ လူဦးရေ အရေအတွက်မပါသေးပါဘူး။

စစ်ကောင်စီဟာ စစ်ဖြစ်ပွားခြင်းမရှိတဲ့ ဒေသတွေမှာလည်း စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး လူငယ်တွေကို သူတို့ပြောတဲ့ လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ကို မတရားသွတ်သွင်း နေတာကြောင့် နေ့စဉ်နဲ့အမျှ စိတ်ဆင်းရဲနေရတဲ့ မြို့နေပြည်သူတွေကလည်း တစ်ပုံတစ်ပင်ပါပဲ။

အခြေခံစားသောက်ကုန်တွေ ဈေးကြီးပြီး အနီးအနားကျေးရွာတွေက တစ်နပ်စာ အခြေခံ စားသောက်ကုန် ဝယ်ယူရုံနဲ့ပင် တရားမဝင်ရိက္ခာသယ်ယူမှုနဲ့ တရားစွဲ ထောင်ချမှုတွေကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ပြည်သူတွေ လက်ရှိကြုံတွေ့နေရပါတယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူအများစုဟာ အိုးအိမ်တွေမရှိတော့ဘဲ နီးစပ်ရာတောနယ်တွေ နီးစပ်ရာ မြို့နယ်တွေမှာ ရွှေ့ပြောင်းနေထိုင်ကြရပါတယ်။

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးခဲ့တယ်လို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ Data For Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ဖြစ်ပွားရာဒေသတွေသာမကဘဲ မြို့နေပြည်သူတွေပါ စစ်ကောင်စီနဲ့ စစ်ခေါင်းဆောင်ရဲ့ သဘောထား တွေ၊ လုပ်ရပ်တွေ၊ ဖြစ်စဉ်တွေကိုကြည့်ပြီး ငါတို့ကို အုပ်ချုပ်နေတာ ငါတို့နိုင်ငံသားတွေမှ ဟုတ်ပါလေစလို့ တွေးရတဲ့အထိ ဖြစ်လို့နေပါပြီ။

ပြည်သူတွေသာမက စစ်ခေါင်းဆောင်ကို ဝန်းရံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လောက်ကိုင်ဒကစ၊ လားရှိုးရမခ၊ ရခိုင်မောင်တော၊ သံတွဲဖြစ်စဉ်တွေမှာ အောက်ခြေစစ်သားတွေအပေါ် ထားရှိတဲ့ စစ်ခေါင်းဆောင်နဲ့ အရာရှိတွေရဲ့ သဘောထားအမှန်ကို တွေ့မြင်သွားကြပြီပဲဖြစ်တာမို့ စစ်ကောင်စီ တပ်ထဲမှာပင် ဂယက်ရိုက်ခတ်မှုတွေရှိနေပါတယ်။

ဒါတွေဟာ နိုင်ငံတော်ယာယီသမ္မတကြီး၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ကာကွယ်ရေးစစ်ဦးစီးချုပ် စတဲ့ဂုဏ်ပုဒ်များစွာကို ကိုယ်တိုင်ပေး ကိုယ်တိုင်ယူစနစ်နဲ့ လုပ်ဆောင်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြည်သူတွေအပေါ်ထားရှိတဲ့ သဘောထားပါပဲ။

ဒါကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံသူနိုင်ငံသားတွေက ချစ်ကြရဲ့လား ဆိုတဲ့ မေးခွန်းလေးတစ်ခုကို ချန်ထားခဲ့ချင်ပါတယ်။

#စစ်ခေါင်းဆောင်မင်းအောင်လှိုင် #ပြည်သူတွေချစ်ကြရဲ့လား #အတွေးအမြင်ဆောင်းပါး #Ayeyarwaddy_Times