နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

စစ်ကောင်စီသည် ပြည်သူများကို အကြမ်းဖက် ရက်စက်နေပြီး တားဆီးပိတ်ပင်ထားကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)အနေဖြင့် ယင်းတို့နှင့် လက်တွဲလုပ်ဆောင်နေသမျှ ပြည်သူအတွက် လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများ ရရှိထိရောက်မည် မဟုတ်သလို သွေးစွန်းသောလက်ကို လက်ဆွဲနှုတ်ဆက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြသည်။

အာဏာသိမ်းပြီးနောက် မရှုမလှ စစ်ရှုံးလာမှုကြောင့် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာချိန်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၅ ရက်မှ ၉ ရက်အထိ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံမှုကို စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာများတွင် စစ်ခေါင်းဆောင်အား လာရောက်ဂါရဝပြု တွေ့ဆုံသည်ဟု ဖော်ပြခဲ့ပြီး အကူအညီ လိုအပ်လျက်ရှိသည့် ပြည်သူများ လက်ဝယ်သို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန်တကယ် ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုများ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းသားများနှင့် ပတ်သက်၍ အကျဉ်းထောင်များကို သွားရောက်ကြည့်ရှုခွင့်၊ လိုအပ်သည်များကို ကူညီခွင့်ဆိုသော အချက်ကိုတောင်မှ လက်ရှိထိတိုင် ခွင့်မပြုဘဲ ပိတ်ပင်ထားသည့် စစ် ကောင်စီက လူသားချင်းစာနာမှု အကူအညီများအား အမှန်တကယ် ပေးအပ်မည်ဆိုခြင်းမှာ မည်သို့မျှ ယုံကြည်နိုင်ဖွယ်မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဧရာဝတီတိုင်းမ် ကို ပြောသည်။

“တချိန်ထဲမှာပဲ သူတို့နဲ့ ရင်ဆိုင်နေသမျှ အဖွဲအစည်းအားလုံး အကြမ်းဖက် အဖွဲအစည်းလို့ သက်မှတ်ယုံမက ပြည်သူအားလုံးကို အကြမ်းဖက်စွာ ရက်စက်နေတဲ့ တကယ်တမ်း အကြမ်းဖက်သမားအစစ်က တော့ စစ်တပ်ပဲဖြစ်ပါတယ်။ စစ်တပ်နဲ့ လက်တွဲလုပ်ဆောင်နေသမျှ ကာလပတ်လုံး ပြည်သူတွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီလဲ ရရှိနိုင်မှာ မဟုတ်သလို ထိရောက်မှုလဲ ရှိမှာမဟုတ်ပါဘူး။ ဒီအချိန်မှာ အခုလိုမျိုး သွားရောက်ပြီးတော့ တွေ့ဆုံခြင်းကိုယ်တိုင်က လွန်လွန်းလှပါပြီ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို နည်းမျိုးစုံဖြင့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ၎င်းတို့၏ ခွင့်ပြုချက်၊ လက်အောက်မှ တစ်ဆင့်သာ လုပ်ကိုင်ခွင့်ပေးခြင်းကြောင့် အဆင်ပြေ ထိရောက်မှု မရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံက သိရသည်။

“ဒီလို ချုပ်ကိုင်တဲ့အခါမှာ အမှန်တကယ် လိုအပ်တဲ့ နေရာတွေအထိ ရောက်နိုင်ဖို့က မေးခွန်းထုတ်စရာ ဖြစ်ပါလိမ့်မယ်။ သွေးစွန်းတဲ့လက်ကို လက်ဆွဲနှုတ်ဆက် တာဟာ ကောင်းမွန်တဲ့ လုပ်ရပ်လို့ ပြောရတာခက်ပါတယ်” ဟု ညီမျှခြင်းမြန်မာ အမှုဆောင် ဒါရိုက်တာက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းခရီးစဉ်နှင့် ပတ်သက်၍ ICRC ကမူ ၎င်းတို့ ဥက္ကဋ္ဌအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ပြည်သူလူထုအား လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ပိုမိုသွားရောက် ပေးအပ်နိုင်ရန်အတွက် တောင်းဆိုခဲ့သလို အလွန်အမင်း လိုအပ်လျက်ရှိသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို မျက်မြင်ကိုယ်တွေ့ သိရှိနိုင်ရန် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မိသားစုအများစုသည် အခြေခံဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရရှိဘဲ နေထိုင်နေကြပြီး အစားအစာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အပြင် သန့်ရှင်းသော ရေနှင့် မိလ္လာစနစ်ရရှိ အသုံးပြုနိုင်မှုများတွင်လည်း အကန့်အသတ်များ ရှိနေကြောင်း သိရသည်။

“ပဋိပက္ခနဲ့ အခြားသော အကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားတွေနဲ့ နေထိုင်နေကြရပါတယ်။ အသက်မွေး ဝမ်းကျောင်းမှုလုပ်ငန်းတွေကို ဆက်လက်မဆောင်ရွက်နိုင်ခြင်းကြောင့် မရေမတွက်နိုင်အောင် များပြားတဲ့ လူထုအတွက် ဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို နည်းလမ်းတွေ မရှိတော့ပါဘူး” ဟု ဥက္ကဋ္ဌ Spoljaric က ပြောသည်။

ထို့အပြင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ်တွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ပိုမိုပေးလိုသည့် အိုင်စီအာရ်စီ၏ ရည်ရွယ်ချက်နှင့် ယင်း၏ ဆောင်ရွက်ပေးနိုင်စွမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည့်အပြင် ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကို ပိုမိုရရှိနိုင်ရန်လည်း တိုက်တွန်းခဲ့သော်လည်း စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေ သည်ဟုသာ ဆိုသည်။

မြန်မာပြည်သူလူထု လက်ရှိကြုံတွေ့ရင်ဆိုင် ခံစားနေရသော လူသားချင်းစာနာမှု ပဋိပက္ခ၊ အခက်အခဲများသည် သဘာဝဘေးဒဏ်ကြောင့် မဟုတ်ဘဲ အာဏာသိမ်း စစ်ကောင်စီကြောင့်သာဖြစ်ပြီး ယင်းတို့ လုပ်ရပ်သည် ICRC ၏ လူသားချင်းစာနာမှု အကူအညီ၊ ရပ်တည်မှုအပေါ် အများကြီးထိခိုက်သွားနိုင်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“သူတို့ သတ်မှတ်ထားတဲ့ သူတွေနဲ့ပဲ လုပ်ဆောင်ရမယ်ဆို ဆိုတဲ့ဟာက ICRC ရဲ့ ရပ်တည်ချက်ပေါ်မှာ အလွဲသုံးစားဖြစ်အောင် တစ်ချိန်ထဲမှာတင် ကူညီချင်တဲ့စိတ်ကို အမြတ်ထုတ်ဖို့အတွက် ကြိုးပမ်းတဲ့ နောက်ထပ်ကြိုးပမ်းမှု တစ်ခုဖြစ်ပါတယ် ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အထူးသတိထား လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု ဝန်ကြီးက ဆက်လက်ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံး အထိနာစေသည့် ညီနောင်သုံးဖွဲ့ကို စက်တင်ဘာ ၂ ရက်က အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခဲ့ပြီးနောက် စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ အရှိန်ဟုန်မြှင့် လုပ်ဆောင်ခဲ့ရာ နေအိမ်၊ အဆောက်အအုံများ မီးလောင်ပျက်စီး၍ အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ရှမ်းမြောက်၊ မန္တလေးနှင့် ရခိုင်တို့၌ နေရပ်စွန့်ခွာသူ များပြားနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင်များအပါအဝင် အရပ်သားပြည်သူ ၁၉ သန်းနီးပါး အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဩဂုတ် ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။

“လက်ရှိ ရှမ်းမြောက်မှာတော့ ဘာအကူအညီမှ မရသေးဘူးပေါ့နော်။ နောက်တခုကတော့ စစ်ကောင်စီက ပြင်ဦးလွင်၊ နမ့်လန်၊ ရပ်စောက်ဘက် ပိတ်ပင်နေတာတွေ ရှိပါတယ်။ စားသောက်ကုန်၊ ဆန်၊လူတွေပေါ့။ အခုလောလောဆယ် တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို မရောက်အောင်လို့ ပြောပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF)၏ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။

ဓာတ်ပုံ-စစ်ခေါင်းဆောင်နှင့် ICRCတို့ တွေ့ဆုံစဥ်

#ICRC #စစ်ကောင်စီ #လက်တွဲလုပ်နေသမျှ #ပြည်သူအတွက် #လူသားချင်းစာနာမှုအကူအညီများ #ထိရောက်မည်မဟုတ် #Ayeyarwaddy_Times