ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

ထိုင်းနိုင်ငံအတွင်းရှိ ဘာသာစကားသင်တန်း ကျောင်း(Language School) အပါအဝင် ကာလတိုသင်တန်းတက်ရောက်သူများကို ဘန်ကောက်ရှိ မြန်မာသံရုံး နှင့် ချင်းမိုင်ရှိ ကောင်စစ်ဝန်ရုံးတို့တွင် Passport သက်တမ်းတိုးပေးခြင်း မလုပ် တော့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ယမန်နေ့ စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံသို့ ဘာသာစကားသင်တန်း(ကာလတို) များကို Non-ED Visa ရယူ၍ လာရောက်ကျောင်းတက်ရောက်သူများလာသည့်အတွက် ၎င်းတို့ကို လာမည့် စက်တင်ဘာ ၁၆ ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံထဲတွင် PE type နိုင်ငံကူးလက်မှတ် လဲပေးခြင်း၊ သက်တမ်းတိုးခြင်း တို့ကို ပြုလုပ် ပေး တော့မည်မဟုတ်ကြောင်း စစ်ကောင်စီလက် အောက်ခံ မြန်မာသံရုံးက ထုတ်ပြန်လိုက်သည်။

“တကယ်တော့ သူတို့အစီအစဉ်က မြန်မာပြည်ပြန်လာပြီး Passport ပြောင်းစေချင်တာ။ အဲ့တာထက်ပိုဆိုးတာက မြန်မာပြည်ဝင်ပြီးရင် ပြန်ထွက်လို့မရဖို့က များတယ်လ။ တမင်မရရအာင်လိုက်ကြပ်နေတာ။ အစက PJ၊ နောက် PV၊ အခု PE။ မြန်မာပြည်ပြန်ပြီး ပြောင်းရတာကပြသနာမဟုတ်ဘူး။ ပြန်ဝင်ပြီး အထွက်မရတော့မှပြသနာ။ Passport စာအုပ်မလဲပေးဘူး မထုတ် ပေးဘူးဆို ဘာတက်နိုင်မှာလဲ” ဟု Non-ED Visa ဖြင့် ကျောင်းတက် နေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီလက် အောက်ခံသံရုံးထုတ်ပြန်ချက်အရ Non-ED Visa ထည့်သွင်းထားသည့် PE type Passport များကို သက်တမ်းတိုးပေးမည်မဟုတ် ကြောင်းဖော်ပြထားပြီး အခြား Passport Type များအတွက်မူ ဖော်ပြထားခြင်းမရှိ ပေ။

ထိုသို့ ထုတ်ပြန်ချင်းမှာ စစ်မှုထမ်းဥပဒေကြောင့်ထိုင်းနိုင်ငံအတွင်း သို့ ရောက်လာကြသည့် လူငယ်များကို စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းသို့ မရောက် ရောက် အောင် ပြန်လည်ခေါ်နေပြီး စစ်မှုမထမ်းမနေရဖြစ်‌ေအာင် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ထိုင်းရောက် လူငယ်များကသုံးသပ် ပြောဆို နေကြသည်။

သို့သော် တက္ကသိုလ်များများတွင် ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများ တက်ရောက်သူများ နှင့် အခြေခံပညာကျောင်းများ တက်ရောက်သူများ အတွက်မူ PE type Passport လဲလှယ်ခြင်း၊ သက်တမ်းတိုးခြင်းကို ဘန်ကောက်မြန်မာသံရုံးတွင် ပုံမှန်အတိုင်း ပြုလုပ် ပေး နေကြောင်း သိရသည်။

ဓာတ်ပုံ – အင်တာနက်
#ထိုင်း #passport_PE #လဲလှယ်ခြင်းမလုပ်ပေး #စစ်ကောင်စီသံရုံး #Ayeyarwaddy_Times