
ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ စက်တင်ဘာ ၁၃ ရက်
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းကျေးရွာသို့ စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က အကြောင်းမဲ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ခြင်းများကြောင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ထံက သိရသည်။
စစ်ကောင်စီတပ်များမှ ကျွဲထိန်းကုန်းကျေးရွာအတွင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ ကျွဲထိန်းကုန်းရွာသူ အမျိုးသမီး သုံး ဦးနှင့် အခြားဒေသခံတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“အခုပစ်လိုက်တဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးပါတယ်။ တိုက်ပွဲက စက်တင်ဘာ ၄ ကစပြီးအခုထိဖြစ်တုန်းပါ။ ပြည်သူတွေကို ကြောက်အောင်လုပ်တာလည်းပါတယ်။ စစ်ကောင်စီရဲ့ လှုပ်ရှားစစ် ကြောင်း ကပစ်တာ” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) ဝာာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် အမျိုးသမီး သုံး ဦးမှာ အသက် ၆၀ အရွယ် ဒေါ်စန်းသီ၊ အသက် ၄၀ အရွယ် ဒေါ်စန်းသွယ်နှင့် အသက် ၁၈ အရွယ် မဖြူဇာအေး တို့ ဖြစ်ပြီး ဒေါ်စန်းသွယ်မှာ ဗုံးသီးထိမှန်မှုကြောင့် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန် နှစ်ဦးမှာ ဆေးကုသမှု ခံယူနေစဉ်အတွင်း သေဆုံးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာ ၄ ရက် မှစတင်ကာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#တနင်္သာရီ #ဒေသခံသေဆုံး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ် #ဒရုန်း #Ayeyarwaddy_Times