ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ်တွင် စပါးခင်းအကြမ်းဈေးအဖြစ် တင်းတစ်ရာလျှင် ကျပ်၁၂သိန်းဝန်းကျင်သာ ဈေးသတ်မှတ်ခံရ၍ လယ်သမားများ အရှုံးဖြင့်ရင်ဆိုင်နေရကြောင်း သိရသည်။

လေးမျက်မှာမြို့နယ်ရှိ ဘိုးရာဇာ၊ ညောင်ပင်ကွင်း၊ရေကြည်ကုန်း၊ ကျွဲသောင်၊မှန်ကုန်း၊ကျွန်းတဲနှင့် ဘော်စကိုင်းစသည့် ကျေးရွာများတွင် ပြီးခဲ့သည့်ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ရေးဘေးသင့်ဒဏ်ခံစားရမှု ကြောင့် ရေနစ်မြုပ်လယ်အချို့အား ယခုစက်တင်ဘာလပထမအပတ်အတွင်း အပြီးရိတ်သိမ်းခဲ့ရကာ မြို့ပေါ်ရှိ စပါးဒိုင်များမှ ဈေးနှိမ်၍ ဝယ်ယူနေသည်ဟု ဒေသခံလယ်သမားများကပြောဆိုသည်။

“ စပါးတွေရေမြုပ်လို့ ရေပြန်ကျကော တချို့လယ်တွေက ရိတ်လို့ရပြီဆိုတာနဲ့မဖြစ်မနေရိတ်လိုက်ရတယ်။ နောက်ပြီးစပါးဒိုင်တွေနဲ့ချိတ်တာပေါ့။ ဘယ်လောက်ရမလဲပေါ့နော်။စပါးတွေကရေနစ်ထားတော့ အကြမ်းခင်းဈေးကို ၁၂သိန်းထက်ပိုမပေးဘူး။ တချိ့လယ်သမားတွေလည်း စပါးထပ်မစိုက်နိုင်တာရယ် ဓာတ်မြေဩဇာတွေဈေးတက်တာရယ်ဆိုတော့ ရတဲ့ဈေးနဲ့ထိုးရောင်းလိုက်ကြရတယ်”ဟု ကျွဲသောင်ကျေးရွာမှ ဒေသခံလယ်သမားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုသို့ စပါးအကြမ်းခင်းဈေးသတ်မှတ်မှုမှာ မြို့ပေါ်ရှိစပါးရောင်းဝယ်လုပ်ကိုင်သူများနှင့် မြို့နယ်စစ်ကောင်စီတို့ကြား ညှိနှိုင်းသတ်မှတ်ခြင်းဖြစ်ရာ ဒေသခံလယ်သမားများအနေဖြင့် အရှုံးဖြင့်ရင်ဆိုင်ရသည့်အပြင် ဆောင်သီးနှံ စိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံတောင်သူများကဆိုသည်။

“ အခုစပါးဈေးသတ်မှတ်တာက မြို့နယ်ထွေအုပ်နဲ့ စပါးဒိုင်တွေပေါင်းပြီးတော့ လုပ်ချင်တာလုပ်နေတာ။ အပေါ်ကနေသတ်မှတ်ခိုင်းတာကတဈေး၊ သူတို့ဘာသာသတ်မှတ်တာကတဈေးပေါ့။ အခုလိုမျိုး တင်းတစ်ရာ ၁၂ သိန်းပဲရတာဆိုတော့ ကျွန်တော်တို့လိုတောင်သူတွေအတွက်အရမ်းနစ်နာတယ်။ ဒီဇယ်ဖိုး၊ဓာတ်မြေဩဇာဖိုး၊ ပေါင်းသတ်ဆေး၊မှိုသတ်ဆေးဖိုးတွေက ဒီစပါးကြမ်းခင်းဈေးထက်မကဈေးတွေကြီးနေတာ။ နောက်ပြီးတော့ စိုက်ဘဏ်ချေးငွေကောပေးရသေးတယ်။အဲ့တာတွေပါပေါင်းလိုက်ရင်လယ်သမားတွေအတွက်ဘာမှကိုမကျန်တော့ဘူး။ ဆောင်းသီးနှံတောင်စိုက်နိုင်ပါ့မလားတောင်မပြောတတ်တော့ဘူး”ဟု ညောင်ပင်ကွင်းကျေးရွာ ဒေသခံလယ်သမားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် နွေစပါးပေါ်ချိန်တွင် တင်းတစ်ရာလျှင် ၁၃သိန်းကျပ်မှ ၁၅သိန်းကျပ်ကြားရှိခဲ့သော်လည်း လက်ရှိစပါးခင်များ ရေနစ်မြုပ်သည်ဟုအကြောင်းပြကာ မိုးစပါးတင်းတစ်ရာလျှင် ငွေကျပ်၁၂သိန်းဝန်းကျင်ဖြင့် ဈေးနှိမ်ဝယ်ယူနေကြခြင်းဖြစ်သည်။

လေးမျက်နှာမြို့နယ်တွင် ပြီးခဲ့သည်ဇူလိုင်လ တတိယအပတ်မှ ဩဂုတ်လ ဒုတိယအပတ်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ကာ မိုးစပါးလယ်ဧက တစ်ထောင်ကျော်နီးပါး ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

#စပါးတင်းတစ်ရာ #၁၂သိန်းဝန်းကျင် #ပေါက်ဈေးရှိနေ #ဒေသခံလယ်သမားများ #အရှုံးပေါ် #Ayeyarwaddy_Times