
ဧရာဝတီတိုင်းမ်
(ကြာအင်းဆိပ်ကြီး)၊ စက်တင်ဘာ ၁၃ ရက်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ၏အကြီးဆုံးအထိုင်စခန်းဖြစ်သည့် လွတ်ရှမ်းစစ်စခန်း ကို ယမန်နေ့ စက်တင်ဘာ ၁၂ ရက်နေ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ထံက သိရသည်။
လွတ်ရှမ်းစစ်ကောင်စီစခန်းကို ပြီးခဲ့သည့်လဩဂုတ်လနောက်ဆုံးအပါတ်မှစတင်ကာ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ့ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ညတွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး နောက်တနေ့နံနက်ပိုင်းတွင် ဒဏ်ရာရစစ်သားများနှင့်အတူ တပ်သား ၇၀ ကျော် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
“ထွက်ပြေးသွားတဲ့စကစတွေကိုတော့ လိုက်လံပိတ်ဆို့နေတုန်းပါ။ သေဆုံးတာက စစ်ကြောင်းထိုးလာတဲ့နေ့တိုက်ပွဲမှာ စကစ ၈ ယောက်သေ၊ ၃၀ ကျော်ဒဏ်ရာရတယ်” ဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ၏ တပ်ဖွဲ့မှူး အောင်စံရှားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စခန်းသိမ်းပိုက်နိုင်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး မိုင်းများကိုလည်းရှင်းလင်းဖယ်ရှားနိုင်ခဲ့ကာ စစ်သုံးပစ္စည်း နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၂၄ ရက်နေ့ကလွတ်ရှမ်းစခန်းသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူပို့လာသည့် စစ်ကောင်စီစစ်ကြောင်းကို KNLA၊ PDF ပူးပေါင်းတပ်များမှ ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းသိမ်းတိုက်ခိုက်မှုကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ တောင်ညိုစစ်ကြောင်း၊ SOG ပူးပေါင်းအဖွဲ့၊ Dawna Dragon ဒရုန်းအဖွဲ့၊ Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)
#ကြာအင်းဆိပ်ကြီး #လွတ်ရှမ်းစစ်ကောင်စီစခန်း #စခန်းသိမ်းပိုက် #စစ်ကောင်စီထွက်ပြေး #Ayeyarwaddy_Times