ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

ပဲခူတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်း စစ်တောင်းမြစ်ရေများ တဟုန်ထိုးဝင်ရောက်လာမှုကြောင့် ပိတ်မိသူများနှင့် သေဆုံးသူများပင်ရှိလာကြောင်း ပရဟိတအဖွဲ့များထံ မှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့မှစတင်ပြီး စစ်တောင်းမြစ်ရေမြင့်တက်လာပြ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်း၊ ရေတာရှည်၊ ထန်းတပင်နှင့် ဖြူးမြို့နယ်တို့တွင် ရေကြီးရေလျှံနေပြီး ကျေးရွာပေါင်း ရာချီ ရေဘေးသင့်ကာ ပိတ်မိပြည်သူများရှိနေပြီး သေဆုံးသူများလည်းရှိကြောင်း သိရသည်။

“ကယ်ဆယ်ရေးတွေက ရေတက်ပြီးနောက်ရက် ၁၂ ရက်နေ့မှာ ကျွန်တော်တို့ရောက်သွားတယ်။ အချို့ ကျေးရွာတွေက ဝင်လို့မရဘူး။ ပိတ်မိပြည်သူတွေကို ရသလိုကယ်ထုတ်နေရတယ်။ ကယ်ထုတ်နေတဲ့ကြားက ရေနစ်ပြည်သူတွေလည်းရှိတယ်။ ရေဘေးသင့်တဲ့ ကျေးရွာတွေ အကုန်လုံးလိုလိုဖြစ်နေတော့ လူအားမမျှတော့ဘူး။ ညဘက်တွေလည်းမနားဘဲ ကယ်နေပါ တယ်”ဟု အမည်မဖော်လိုသည့် ပရဟိတအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်နေ့က တောင်ငူရှိ သောက်ရေခပ်ဆည်မှ ရေလွှဲပေါက် ၅ ပေါက်လုံးမှရေများလွှတ်ချမှုနှင့် စစ်တောင်းမြစ်ရေမြင့်တက်လာမှု တို့ကြောင့် ရေဘေးသင့်‌ကျေးရွာပိုမိုများပြားပြီး ပြည်သူများ ထောင်နှင့်ချီရေဘေးသင့်ကာ ပိတ်မိနေ ကြောင်း တောင်ငူအခြေစိုက် ကူညီရေးအဖွဲ့ထံမှ သိရသည်။

ရေများမြင့်တက်လာပြီး တာတမံပါကျိုးသွားခြင်းကြောင့် ၁၁ ရက်နေ့ညပိုင်းတွင်ပင် ဒိုးသောင်ကျေးရွာရှိ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး ယနေ့စက် တင်ဘာ ၁၃ ရက်နေ့တွင်လည်း အုတ်တွင်းမြို့နယ်၊ ရွာသစ်မှ အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားကြောင်း သိရသည်။

စစ်တောင်းမြစ်ရေ ထပ်မံမြင့်တက်လာခြင်းကြောင့် တောင်ငူအတွင်းရှိ ဒိုးအင်း၊ လေးအိမ်စု၊ အရှေ့ဆင်ရွာ၊ ကျေးအင်း၊ ထုံးဘို၊ ကွမ်းသီးပင်၊ သဖန်းပင်၊ ချောင်းကမ်း၊ ရွာတန်းရှည်၊ ပိတောက်ကုန်း၊ လက်ပံတံခါး၊ သရက်တော၊ ရှမ်းဝတီး၊ ဆင်ရွာလေး၊ နောင်ဘို၊ ကမ်ဘားနီ၊ ပဒဲ၊ ကျွန်းသာယာတို့တွင် နေအိမ်‌ ခေါင်များထိ နစ်မြုပ်ပြီး နှစ်ထပ်အိမ်များပင် ရေနစ်မြုပ်နေခြင်းကြောင့် ပိတ်မိပြည်သူများပြားလျက်ရှိ သည်ဟု ဒေသခံပရဟိတအသင်းထံမှ သိရသည်။

“အခြေအနေအရမ်းဆိုးနေတယ်။ ကျွန်တော်တို့စခန်း ချထားတဲ့ တာဘောင်လည်း ကျိုးသွားပြီ။ နေရာ ပြောင်းရွှေ့ဖို့လုပ်နေတယ်။ တချို့နေရာတွေ အရမ်းအန္တရာယ်များပြီး ရေစီးသန်လို့ ဝင်မရဖြစ်နေတယ်။ ပိတ်မိပြည်သူတွေလည်း များနေတယ်။ ကယ်ဆယ် ရေးလှေကွဲသွားလို့ ဒုက္ခရောက်တဲ့လူတွေလည်းရှိတယ်။ တတ်နိုင်ရင် ကူညီကြပါဦးလို့ပြောချင်ပါတယ်”ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မိုးသည်းထန်ရွာသွန်းပြီး စစ်တောင်းမြစ်ရေဆက်လက် မြင့်တက်နေသည့်အတွက် တောင်ငူခရိုင်အတွင်းရှိ ကားလမ်းများလည်း ရေကျော်နေပြီး ‌မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာပေါင်း ၃၀ ကျော်ရနစ် မြုပ်ကာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် တောင်ငူမြို့နယ် ကန်ရိုးရွာတွင် လူအများအပြားပိတ်မိနေပြီး လှေနှင့်ကယ်ဆယ်ရေးအထူးလိုအပ်လျှက်ရှိကြောင်း တောင်ငူမြို့ခံတစ်ဦးထံက သိရသည်။

ဓာတ်ပုံ- ကရုဏာတွဲလက်
#ပဲခူး #တောင်ငူခရိုင် #စစ်တောင်းမြစ်ရေ #မြင့်တက် #ကျေးရွာများ #ရေနစ်မြုပ် #Ayeyarwaddy_Times