ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နယ်မြေအပါအဝင် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုဖြစ်ပွား၍ တောင်ကျချောင်းရေများစီးဆင်းကာ မြို့နယ်နှင့်ကျေးရွာများတွင် ရေကြီးရေလျှံကာ ပြည်သူများ သေဆုံးသည် အထိ ရေဘေးအန္တရာယ်ဖြစ်ပွားလျက်ရှိသည်။

နိုင်ငံတစ်ဝန်းတွင် ထိုသို့ရေကြီးရေလျှံဖြစ်ပွားနေသော်လည်း စစ်ကောင်စီက ရေဘေးကယ်ဆယ်ရေး အစီအစဉ်များကို အင်တိုက်အားတိုက် လုပ်ဆောင်ခြင်းမရှိဘဲ လက်လွှတ်လိုက်ရသည့် နယ်မြေများအား ဗုံးကြဲမည့်အကြောင်းကိုသာ စစ်ကောင်စီဝါဒဖြန့် သတင်းစာများတွင် နေ့စဉ် ထုတ်ပြန်လျက်ရှိသည်။

ယမန်နေ့ စက်တင်ဘာ ၁၁ ရက်နေ့ နံနက်အစောပိုင်း အချိန်မှစတင်ပြီး နေပြည်တော်နယ်မြေရှိ ကျေးရွာများတွင် မိုးများ၍ တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်လာပြီး ပြည်သူများပိတ်မိကာ လမ်းတံတား များပြိုကျ ပျက်စီးသည်အထိဖြစ်ပေါ်ခဲ့သည်။

ရေကြီးနစ်မြုပ်နေစဉ်တွင် အသက်ဘေးအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် ပြည်သူအချို့က ၎င်းတို့ရောက်ရှိ ရာနေရာများကို ဓာတ်ပုံများရိုက်၍ လူမှုကွန်ရက်များပေါ်တင်ကာ အကူအညီ‌တောင်းခဲ့သည်။

ထိုသို့အကူအညီတောင်းခံမှုများကြောင့် ကူညီကယ်ဆယ်ရေးအသင်းများက သွားရောက်ကယ်ဆယ် သော်လည်း လူအနည်းငယ်ကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး ရေစီးသန်၍ သွားရောက်ရန်ခက်ခဲသည့် နေရာများတွင် ပိတ်မိနေသူများကို ယနေ့အထိ ကယ်ဆယ်နေရကြောင်း သိရသည်။

စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံအချို့မှာမူ အမှန်တစ်ကယ် ရေကြီး၍ အိမ်များနစ်မြုပ်ပြီး ကူညီကယ်ဆယ်ရန်လိုအပ်နေသည့် နေရာများသို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို မတွေ့ရဘဲ ၆ လက်မခန့်လောက်သာ ရေနစ်မြုပ်နေသည့် စစ်တပ်အရာရှိများ နေထိုင်ရာ နေရာ တစ်ဝိုက်တွင်သာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

အဆိုပါ ရေကြီးနစ်မြုပ်နေသည့် တပ်ကုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်အနက် မန်းကျီးပင်၊ လက်ပုံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့် ကျေးရွာတို့မှာ ယနေ့အချိန်ထိ ရေနစ်မြုပ်နေပြီး ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရသည်။

နေပြည်တော်၊ ပျဉ်းမနား၊ တပ်ကုန်းမြို့နယ် ခုတင် ၁၀၀၀၊ ဓမ္မရိပ်သာ၊ ဘိုးဘွားရိပ်သာ၊ ဘောဂသီရိ ကား ကြီးဝင်းအပါအဝင် ကျေးရွာ ၂၀ ကျော်မှ လူဦးရေ ၁၁၅၁ ဦးကို ကယ်ထုတ်ခဲ့ကြောင်း မြန်မာနိုင်ငံမီး သတ်ဦးစီးဌာနက ယနေ့စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ရုတ်တရက်ရေကြီးနစ်မြုပ်မှုဖြစ်ရာမှ ရမည်း သင်းမြို့နယ်၊ ဆည်ကြီး၊ ညောင်အိုင်၊ ကံသာအေး၊ ရွှေနန်းပေါ်၊ ချောင်းဖျားကျေးရွာတို့မှ အမျိုးသမီး ၇ ဦးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ကြောင်း ကနဦးထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မန္တလေးတိုင်း၊ ဝမ်းတွင်းစမုံဆည်ကျိုးပြီးနောက် ဆည်အောက်ရှိကျေးရွာများ ရေနစ် မြုပ်သွားပြီဖြစ်သည့်အတွက် ဒေသခံများ ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ယင်းသို့ဖြစ်ပေါ်နေသော်လည် ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်နေ့က စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည် လက်လွှတ်လိုက်ရသည့်နယ်မြေများကို ဗုံးကြဲမည်ဖြစ်ပြီး ပြည်သူများ အသုံးချခံမဖြစ်စေရေးနှင့် လုံခြုံရေးအတွက် သတိထားနေထိုင်ကြရန်ဆိုသည့် ခြိမ်းခြောက် စကားကိုသာ စစ်ကောင်စီ၏ သတင်းစာများတွင် ယနေ့အထိ နေ့စဉ်ဖော်ပြလျက်ရှိသည်။

#နေပြည်တော် #ရေကြီး #ရေနစ်မြုပ် #စစ်ကောင်စီ #ခြိမ်းခြောက်စကား #သတင်းစာ #နေ့စဉ်ဖော်ပြ
#Ayeyarwaddy_Times